မဲခေါင်၊ မေ ၂၀
အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အခြေစိုက် အမှတ် ၉၄ တည်းခိုရေးတပ်စခန်းအတွင်း ပျူစောထီးများကို စစ်သင်တန်းပေးနေသလို လက်နက်များလည်း စမ်းသပ်ပစ်ခတ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ ယနေ့သိရသည်။
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၌ အခြေစိုက်ထားသည့် အဆိုပါတပ်အတွင်း အေးသာယာနှင့် ရွှေညောင်မှ စစ်ကောင်စီထောက်ခံသူအချို့ကို ပျူစောထီးသင်တန်းပေးနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"တနင်္လာနေ့ကတည်းက သင်တန်းစပေးနေတာ။ လက်နက်ပစ်သံတွေက တပ်တွင်းမှာအချင်းချင်းပစ်ခတ်မှုဖြစ်တာမဟုတ်ဘူး။ ပျုစောထီးတွေ လက်နက်စမ်းသပ်ပစ်ခတ်နေတာပါ။ အသံတွေက အပြင်ကိုအကျယ်ကြီးထွက်နေတာဆိုတော့ ပတ်ဝန်းကျင်က တပ်တွင်းမှာ ပစ်ခတ်မှုဖြစ်တယ်ဆိုပြီး လိုင်းပေါ်တင်ထားတာကြပေါ့"ဟု ၎င်းက ပြောသည်။
ယခုအကြိမ်ပျူစောထီးသင်တန်းသည် ဒုတိယအကြိမ် သင်တန်းပေးခြင်းဖြစ်ပြီး အင်အား ၂၀ဦးခန့်တက်ရောက်လျက်ရှိကြောင်း၊ ပထမအကြိမ် ပျူစောထီးသင်တန်းအား မတ်လအတွင်းက ပေးခဲ့ပြီးဖြစ်သလို အင်အား ၂၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ဆက်ပြောသည်။
ထို့တပ်စခန်းမှ စစ်ကောင်စီတပ်အင်အားသည် စစ်ကူထွက်နေရ၍ ယခင်ကဲ့သို့ အများအပြားမရှိတော့ဘဲ တပ်သားအချို့နှင့် တပ်မိသားစုဝင်များသာ ကျန်ရှိတော့ကြောင်းနှင့် စစ်မှုထမ်းဟောင်းများနှင့် ခိုးဆိုးလုနှိုက်များကို ခေါ်ယူကာ လုံခြုံရေးဂိတ်စောင့်များအဖြစ် ခိုင်းစေထားကြောင်း သိရသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment