လက်ပံတောင်းတောင်စီမံကိန်း အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ ၁၅ဦးခန့်ထိခိုက်
စစ်ကိုင်းတိုင်းအတွင်း၌ အကြမ်းဖက်စစ်အုပ်စုနှင့် တရုတ် ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ နှစ်ဦးသေပြီး ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။
တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီမှ လုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းရပ်ဆိုင်းရန် ဆာလင်းကြီး - ယင်းမာပင်ရှိ PDF ၁၆ ဖွဲ့က သတိပေးပြီးနောက် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးအင်အား တိုးမြှင့်နေခြင်း ဖြစ်သည်။
ထို့ကြောင့် မုံရွာကွန်ပျူတာတက္ကသိုလ်မှ ထွက်လာသည့် စစ်ကောင်စီကားသုံးစီးကို ယနေ့(မေ ၄ ရက်) နံနက် ၅ နာရီခန့်က ဆားလင်းကြီး မြို့နယ် စံပယ်အိမ်ယာအနီး မိုင်းသုံးလုံးဆွဲ၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
"NRF နဲ့ Alpha Special ForcePDF အဖွဲ့က မိုင်း ဆွဲတိုက်ခိုက်ခဲ့တာပါ။တစ်စီးက ထိထိမိမိရှိခဲ့တယ်။ရခ ရော စခ တွေရောပါတယ်"ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူက ပြောသည်။
ထိုတိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ဆားလင်းကြီးမြို့မှ တပ်ကူအဖြစ်ထွက်လာသည့် စစ်ကောင်စီကား တစ်စီးကို ဒူးထောက်ရွာအနီး ဒေသခံ ပြောက် ကျားတပ်မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်ပန်တောင်းအရှေ့ဘက်ခြမ်းရှိ ရွှေလှေ၊ မိုးကြိုးပြင်၊ ဖောင်းကားနှင့် ကန်တော ရွာတစ်ဝိုက်တွင် စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။
PDF အဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်အရ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ ရပ်ဆိုင်းပေးရန်၊ ဝန်ထမ်းများအနေဖြင့်လည်း မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ CDM ပြုလုပ်သွားကြရန်နှင့် မလိုက်နာပါက တိုက်ခိုက်သွားမည်ဟု သတိပေးသည်။
တရုတ်အစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းလျှင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများမှာ တော်လှန်ရေးပစ်မှတ် ဖြစ်လာနိုင်ကြောင်းလည်း သတိပေးမှုများရှိနေသည်။
(ဝမ်ပေါင်ကုမ္ပဏီက ဆောင်ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြစ်သည်။)
Zayar Times - ဇေယျာတိုင်း
No comments:
Post a Comment