သေနတ်နဲ့ ခြောက်ချက်အပစ်ခံရတဲ့ ကျောက်ပန်းတောင်းမြို့က ပျူခေါင်းဆောင်ဆိုသူ ဦးနေဝင်း/Photo – KDF |
မေ - ၂
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးနေဝင်းကို ဒီကနေ့ မနက်ပိုင်းက သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခဲ့ရာ ခြောက်ချက် ထိမှန်ခဲ့ပြီး သေ၊မသေကိုမူ အတိအကျ မသိရသေးဘူးလို့ Kyaukpadaung Defence Force (KDF) က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မေ(၂)ရက် မနက်ပိုင်းက ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်နေ ပျူခေါင်းဆောင်ဆိုသူ ဦးနေဝင်းကို စစ်အုပ်စု အထိုင်ချနေတဲ့ လေးရွာကျောင်းအနီးမှာ အမှတ်မထင် တွေ့ရှိလို့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ KDF က ဆိုပါတယ်။
“သေမိန့်ထုတ်ပြန်ထားသော ဦးနေဝင်းအား စကစများ တပ်စွဲထားသော လေးရွှာကျောင်းနားတွင် အမှတ်မထင်တွေ့ရှိခဲ့သောကြောင့် သေနတ်ဖြစ် ရှစ်ချက် ပစ်ခတ်ခဲ့ရာ ခြောက်ချက် ထိမှန်သွားခဲ့သည် ။ ပြည်သူနဲ့အတူနေတဲ့ ပြည်သူလို့ သတ်မှတ်ထားတဲ့ လူတွေကို အခုလို တိုက်ခိုက်ရတာ လွန်စွာမှ စိတ်မကောင်း ဖြစ်မိပါသည်။ သို့ဖြစ်ပါ၍ မြို့နယ်နေလူထုထဲက တစ်စုံတစ်ဦးမှ စကစနှင့် မပူးပေါင်းရန်နှင့် ပျူ ၊ဒလန် သတင်းပေးများ မလုပ်ကြပါရန် တောင်းဆို အပ်ပါသည်။ ယခုလက်ရှိ သတင်းပေးလုပ်နေသည့် ပျူ ဒလန်များလည်း ရပ်တန့်ပေးပါရန် တောင်းဆိုအပ်ပါသည်။ မရပ်ပါက သေဒဏ်” လို့ KDF က ဖော်ပြထားပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဦးနေဝင်းကို ဆေးရုံပို့ထားတယ်လို့ သတင်းကြားရပြီး သေ၊မသေ မသိရသေးဘူးလို့ ဒေသခံတချို့က ဆိုပါတယ်။
ကျောက်ပန်းတောင်းနယ်မှာ ပျူတွေ၊ ဒလန်တွေ ပေါများပြီး စစ်အုပ်စုက ပျူတွေနဲ့ ပေါင်းကာ ဒေသခံ အရပ်သား ပြည်သူတွေကို အနိုင်ကျင့်ဖမ်းဆီး ငွေညှစ်တာ၊ စစ်အုပ်စုကို ဆန့်ကျင်တဲ့ ရွာတွေကို ဝင်မွှေလုယက် ဖျက်ဆီးတာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment