YMBA ရုံးရှေ့ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်မှု လမ်းဖယ်ပေးခြင်းမရှိသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း တော်လှန်ရေးအဖွဲ့ပြော
ပုံစာ။ ။ စစ်ကောင်စီနှင့် YMBA ပူးတွဲပြုလုပ်သည့် ယဥ်ကျေးလိမ္မာသင်တန်း |
မဲခေါင်၊ ဧပြီ ၁၄
ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ YMBA ရုံးရှေ့ စစ်ကောင်စီကင်းစခန်းအား ယမန်နေ့ ( ဧပြီ ၁၃) ည ၇ နာရီခန့်တွင် Civil Guerrilla Force- YGN နှင့် Yangon Federal Army- YFA တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့များ ထိခိုက်သေဆုံးနိုင်ကြောင်း ထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုတွင် တိုက်ခိုက်ခဲ့သည့်တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်ကောင်စီအဖွဲ့များက အပြစ်မဲ့ပြည်သူများအား ပစ်ခတ်ဖမ်းဆီးမှုများရှိပြီး ဖမ်းဆီးခံရသူများမှာ တော်လှန်ရေးအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးသည်။
YMBA ရုံးရှေ့မှ စစ်ကောင်စီကင်းတဲအား ဗုံးဖောက်ခွဲမှုတိုက်ခိုက်မှုအပြီး ဆုတ်ခွာချိန်တွင် လမ်းပိတ်နေခြင်းကြောင့် မေတ္တာရပ်ခံပြီး လမ်းတောင်းခဲ့သော်လည်း လမ်းဖယ်ပေးခြင်းမရှိသည့်အတွက် စိတ်မကောင်းဖြစ်ရပြီး စစ်ကောင်စီအနီးပတ်ဝန်ကျင်တွင် သွားလာခြင်းမပြုကြရန်အတွက် ထပ်မံတောင်းဆိုထားသည်။
ယမန်နေ့ညတိုက်ခိုက်မှုအပြီး စစ်ကောင်စီအဖွဲ့များက ရေကျော်လမ်းမပေါ် သေနတ်များဆက်တိုက်ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့ပြီး လမ်းပေါ်သွားလာသည့် လူငယ်တစ်ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေများက သတင်းဌာနများသို့ ပြောကြားထားသည်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာများကမူ YMBA ရုံးရှေ့တိုက်ခိုက်မှုတွင် လာရောက်တိုက်ခိုက်ခဲ့သည့် ကားပေါ်မှလူငယ် ၁ ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသော်လည်း တိုက်ခိုက်ခဲ့သည့်တော်လှန်ရေးအဖွဲ့က ရဲဘော်များ ဖမ်းဆီးခံရခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment