Star Sapphire group ၏ စစ်တပ်နှင့်ဆက်နွယ်မှုများ / အကြမ်းဖက်စစ်တပ်ထံ ၀င်ငွေနှင့် လက်နက်စီးဆင်းမှုများ ရပ်တန့်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်


စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏မိသားစုနှင့်ဆက်နွယ်ပတ်သက်သည့် ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire group သည် မြန်မာစစ်တပ်၏ စစ်လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် အဓိကအခန်းကဏ္ဍကပါဝင်ပြီး မြန်မာစစ်တပ်နှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင် လိမိတက် (ဦးပိုင်) တို့နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

Star Sapphire group ကို ဒေါက်တာထွန်းမင်းလတ်နှင့် ဇနီးဖြစ်သူ ဒေါက်တာဝင်းမင်းစိုးတို့က ချုပ်ကိုင် ထားပြီး ၎င်းတို့သည် လက်ရှိအထက်လွှတ်တော်အမတ်တစ်ယောက်ဖြစ်နေသည့် ထင်ရှားသော ထိုင်း စီးပွားရေးလုပ်ငန်းရှင် Upakit Pachariyangkun နှင့် ကာလကြာရှည် မိတ်ဖက် ဆက်ဆံရေး တစ်ရပ် ရှိထားကြသည်။

ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ ထွန်းမင်းလတ်သည် Elbit Systems၊ Israel Shipyards၊ Israel Aerospace Industries နှင့် NORINCO တို့ အပါအဝင် အစ္စရေးနှင့် တရုတ်ကုမ္ပဏီများ၏ စစ်ကောင်စီနှင့် လက်နက်ရောင်းဝယ်ရေးတို့တွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာပြည်သူလူထု အပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ကူညီ ထောက်ပံပေးနေခြင်းပင် ဖြစ်သည်။

ထွန်းမင်းလတ်သည် မြန်မာစစ်တပ်နှင့် ဆယ်စုနှစ်ပေါင်းများစွာ အဂတိလုပ်ငန်း အပေးအယူများမှတဆင့် ၎င်း၏ စီးပွားရေးကို တည်ဆောက်လာခဲ့သည်။ 

ထွန်းမင်းလတ်သည် ယခင်စစ်အစိုးရလက်ထက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေး မှူးချုပ်တစ်ဦးဖြစ်သော ဒုဗိုလ်မှူးကြီးဟောင်း(လေ) ခင်မောင်လတ်၏ သားဖြစ်သည်။

ထွန်းမင်းလတ်၏ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီးခင်မောင်လတ်သည် ယခင်စစ်အစိုးရလက်ထက် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ညွန်ကြားရေးမှူးချုပ်ဖြစ်ခဲ့စဉ် ၁၉၉၉ ခုနှစ်တွင်  ထိုင်းနိုင်ငံနယ်စပ်မြို့ တာချီလိတ်တွင် တရားမဝင်ကာစီနိုလောင်းကစားရုံတစ်ခုဖြစ်သည့် Allure Resort တည်ဆောက်ရန် သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။

ထွန်းမင်းလတ်သည် Upakit Pachariyangkun နှင့် ကာစီနိုလုပ်ငန်းကို တည်ထောင်လုပ်ကိုင်ကာ အဆိုပါသဘောတူစာချုပ်မှ အကျိုးခံစားခွင့်ရရှိသူတစ်ဦး ဖြစ်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက အဆိုပါကာစီနိုလောင်းကစားရုံအား မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံးသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။  ထိုလွှဲပြောင်းမှုသည် ပြည်ထောင်စုဘတ်ဂျက်မှ နိုင်ငံတော်၏အမြတ်ဝေစု ၆% ကို စစ်တပ်လက်အောက်သို့ လွှဲပြောင်းဖြစ်ပြီး လွှတ်တော်၏ စုံစမ်းစစ်ဆေးခြင်း မပြုနိုင်ရန် ဖုံးကွယ်လိုက်ခြင်း ဖြစ်သည်။

The Allure Resort သည် Star Sapphire နှင့် ၄င်း၏ ပိုမိုကျယ်ပြန့်သော စီးပွားရေးလုပ်ငန်း အကျိုး အမြတ်များနှင့် ချိတ်ဆက်နေသည်။ အဆိုပါချိတ်ဆက်မှုဖြင့် ဆိုးရွားသည့် ငွေကြေးခဝါချမှုနှင့် တရားမဝင် ငွေကြေးပံ့ပိုးမှုများလုပ်ဆောင်နေသည်မှာ စိုးရိမ်စရာဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရ လက်ထက်၊ ၂၀၁၃ ခုနှစ်တွင် ထွန်းမင်းလတ်သည်  ပြည်ထဲရေးဝန်ကြီးဌာနပိုင်မြေပေါ်တွင် ဟိုတယ်ထားဝယ် ဆောက်လုပ်ရန် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်းရေး (ဘီအိုတီ) စာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ခဲ့သည်။

ငှားရမ်းခများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် တာဝန်ရှိသော စစ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန အတွက် ဝင်ငွေရလမ်းအဖြစ် ဆက်လက်ပံ့ပိုးလျက်ရှိသည်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်ကောင်စီ၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ဥပဒေမဲ့ညှဉ်းပန်းနှိပ်စက် ခြင်းများအပါအဝင် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြသည်။

Star Sapphire လက်အောက်ခံကုမ္ပဏီများသည် ၂၀၀၁ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားဒေသများတွင် စစ်တပ်နှင့် အမြတ်ခွဲဝေမှုအစီအစဉ်ဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး စစ်တပ်၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ဖျက်ဆီးမှု များအတွက် ငွေကြေးအထောက်အပံ့များ ပံ့ပိုးခဲ့သည်။

Star Sapphire ၏ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Royal Mawtaung Mining (ယခင် Star Thiri Investment) ကို စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ပူးတွဲ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် ထုတ်ပြန်ထားသည့် သတင်းအချက်အလက် အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါ။

စွမ်းအင်ကဏ္ဍတွင် Star Sapphire အုပ်စု၏ Myanmar Business Consultant Group သည် MEHL ပါဝင်သည့် သဘာဝဓာတ်ငွေ့ရည်စီမံကိန်းတွင် ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ VPower Group နှင့် တရုတ်အစိုးရပိုင် China National Technical Import and Export Corporation (CNTIC) တို့၏ ပြည်တွင်းမိတ်ဖက်အဖြစ် ပါဝင်သည်။ 

Myanmar Business Consultant Group သည် MEHL သို့ မြေငှါးရမ်းခများပေးနေပြီး ငှားရမ်း သက်တမ်းကုန်ဆုံးချိန်တွင် MEHL သို့ အဆိုပါစက်ရုံအဆောက်အဦးကို လွှဲပြောင်းပေးမည်ဖြစ်ရာ စစ်တပ် ကို အကျိုးအမြတ်ကြီးမားလှသည့် အနာဂတ်ပိုင်ဆိုင်မှုများ ပေးအပ်ခြင်း ဖြစ်သည်။

Star Sapphire သည် ထွန်းမင်းလတ်၊ Upakit Pachariyangkun တို့နှင့် ဆက်နွယ်သည့် ထိုင်းနိုင်ငံ အများပြည်သူစာရင်းဝင်ကုမ္ပဏီ United Power of Asia နှင့် ၂၀၀ မဂ္ဂါဝပ် ပေါင်းစပ်ဓာတ်အားပေး စက်ရုံကို တနင်္သာရီတိုင်းဒေသကြီးတွင် တည်ဆောက်လျက်ရှိသည်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “ထွန်းမင်းလတ်နဲ့ သူ့အပေါင်းအပါ တွေဟာ ဆယ်စုနှစ်ပေါင်းများစွာမြန်မာစစ်တပ် တခုလုံးရဲ့အမြစ်တွယ်လှိုက်စားနေတဲ့ အကျင့်ပျက်ချစား မှုတွေကို အသုံးချပြီး သူတို့ကိုယ်သူတို့ ချမ်းသာအောင်လုပ်ခဲ့တာပါ။

“သူတို့ဟာ စစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် ဘဏ္ဍာ ငွေနဲ့ လက်နက်တွေ ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီ့အတွက် ရာဇ၀တ်မှုတွေမှာ ကြံရာပါတွေ ဖြစ်ကြပါတယ်။

“စစ်အုပ်စုဟာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ တရားလက်လွတ်လေကြောင်းက တိုက်ခိုက် ဗုံးကြဲတာ၊ ညှဥ်းပန်းနှိပ်စက်တာ၊ မုဒိန်းကျင့်တာတွေအပါအဝင် နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ သူတို့ကျုးလွန်တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေအတွက် အခုထိ အရေးယူတာမခံရသေးပဲ ဆက်လက်ကျူးလွန်နေတာပါ။

“ဒေါက်တာထွန်းမင်းလတ်၊ Star Sapphire ကုမ္ပဏီအုပ်စုနဲ့ သူရဲ့ ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ အမြန်ဆုံး ချမှတ်ဖို့ လိုပါတယ်။

“ထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun၊ မြန်မာစစ်တပ်တို့နဲ့ တရားမဝင်ကာစီနိုလုပ်ငန်းတွေ လုပ်နေတယ်၊ Siam Commercial Bankနဲ့ ဘဏ်လုပ်ငန်းအပါအ၀င် တရားမဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ ဒါတွေကို ချက်ချင်း ရပ်တန့်ရပါမယ်။

“အထက်လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့အတွက် Upakit Pachariyangkun ရဲ့ ထွန်းမင်းလတ်၊ မြန်မာစစ်တပ်တို့နဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။

“ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ Upakit ကို သူရဲ့ အဂတိစီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာစစ်တပ် ရဲ့ နိုင်ငံတကာရာဇတ်မှုတွေမှာ ကြံရာပါပတ်သက်မှုတွေအတွက် တာဝန်ရှိကြောင်း အရေးယူဆောင်ရွက်မှု တွေ လုပ်ဆောင်ကြဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။                                                                                                                      

 “ထွန်းမင်းလတ်က ထိုင်းနဲ့စင်္ကာပူနိုင်ငံတွေကို အသုံးချပြီး မြန်မာစစ်တပ်နှင့် စီးပွါးရေးလုပ်နိုင်နေတဲ့ အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် အာဆီယံဟာ အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက်တွေ ထုတ်ပြန် ထားတဲ့ တနှစ်ကျော်ကာလမှာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွါးရေးတွေ ဆက်လုပ်ခွင့်ပေးနေကြောင်း ထင်ရှားတဲ့ သာဓကတခုဖြစ်ပါတယ်။

“အာဆီယံရဲ့ မအောင်မြင်တဲ့ “ဘုံသဘောတူညီမှု” က ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်အောင် နှောင့်နှေးအောင် လုပ်နေတာပါ။ တချိန်တည်းမှာ အာဆီယံအစိုးရတွေအချင်းချင်း ကိုယ်ကျိုးအတွက် အားပြိုင်နေကြတဲ့ လုပ်ရပ်တွေက မြန်မာစစ်တပ်ကို မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေးတွေ လုပ်ရဲအောင် အားပေးနေတာ ဖြစ်ပါတယ်၊ 

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အလုပ်မဖြစ်တဲ့အာဆီယံကို ရှေ့ထုတ်၊ သူ့နောက်မှာ ပုန်းပြီး ခေါင်းရှောင် နေတာချက်ခြင်းရပ်ပါ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာလူထုရဲ့ နွေဦးတော်လှန်ရေးကို ပံ့ပိုးဖို့ အကြမ်းဖက်စစ်ကောင်စီဆီ လက်နက်နဲ့ဘဏ္ဍာငွေ စီးဆင်းနေတာတွေ ရပ်အောင်လုပ်ပါ။ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးနဲ့ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လုပ်ဆောင်ပါ။”


Justice For Myanmar

Star Sapphire group ၏ စစ်တပ်နှင့်ဆက်နွယ်မှုများ / အကြမ်းဖက်စစ်တပ်ထံ ၀င်ငွေနှင့် လက်နက်စီးဆင်းမှုများ ရပ်တန့်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ် Star Sapphire group ၏ စစ်တပ်နှင့်ဆက်နွယ်မှုများ / အကြမ်းဖက်စစ်တပ်ထံ ၀င်ငွေနှင့် လက်နက်စီးဆင်းမှုများ ရပ်တန့်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ် Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.