ဘုတလင်၊ ဧပြီ၉၊ ၂၀၂၂။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ မနေ့ညက ရဲစခန်းတခု လက်နက်ကြီးနဲ့ ပစ်ခံရပြီး နောက်တခုကို တိုက်ခိုက်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဘုတလင်ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်အာရုံလွဲခဲ့ပြီး ဘုတလင်မြို့နယ်ထဲကပဲ ကူတော်ရဲစခန်းကို တိုက်ခိုက်မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
" ဘုတလင်ကို အယောင်ပြပြီး ကူတော်စခန်းကို အဓိကထား ဝင်စီးတာ၊ အရင်ကတော့ အင်အား ၃၀လောက်ရှိတယ်ခုတခေါက်လည်း အဲ့ထက်တော့ မနည်းလောက်ဘူး၊ စခန်းမီးလောင်သွားတယ် လက်နက် အတို ၃လက်နဲ့ ကျည်ဘောက်တွေသိမ်းရခဲ့တယ်လို့သိရတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဧပြီလ ၈ရက် ည ၉နာရီဝန်းကျင်ကစပြီး ဘုတလင်ရဲစခန်းကို လက်နက်ကြီးနဲ့ပစ်နေသလို ကူတော်ရဲစခန်းကိုလည်း နောက်တဖွဲ့က ဝင်ရောက်သိမ်းပိုက်ခဲ့ပေမယ့် ၁၂နာရီဝန်းကျင်မှာ စစ်ကောင်စီက လေယာဥ်နဲ့ စစ်ကူလာရောက်ခဲ့လို့ မီးရှို့ပြီး ပြန်ဆုတ်သွားခဲ့ကြတယ်လို့ ပြောပါတယ်။
" စခန်းမီးရှို့နေရင်းက အလောင်း ၃လောင်းတော့တွေ့ခဲ့တယ်လို့ ပြောတယ်၊ အသေအကျေက အဲ့ထက်လည်းပိုများတယ်လို့ ခန့်မှန်းနေကြတယ်" လို့ ဒေသခံက ပြောပါတယ်။
ဘုတလင်မြို့ မြောက်ဘက် ၁၀မိုင်အကွာမှာရှိတဲ့ ကူတော်ရဲစခန်းက အရင်ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်တိုက်ခဲ့ဖူးတဲ့ ရဲစခန်းဖြစ်လို့ စစ်ကောင်စီတပ်သားတွေလုံခြုံရေးအထိုင်ချထားတဲ့နေရာလည်းဖြစ်ပါတယ်။
" တယောက်ကျဆုံးတယ်ပြောတယ်ဗျ၊ ဟုတ်ပါတယ်ဗျ PDF တယောက်ကျပြောတာပါ၊ ကိုသားကြိး (ခ)ရာဇာထွန်းပါ၊ ၁၂ယောက်သေတယ်ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး " လို့ ဒေသခံတဦးက ပြောပါတယ်။
ဘုတလင်မြို့နယ်ဟာ စစ်ကိုင်းတိုင်းအတွင်း အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တခုဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment