ရေစကြို ရေလယ်ကျွန်းဒေသ သုံးဖွဲ့ခွဲ ဝင်မွှေတဲ့ စစ်အုပ်စုကို PDF (၂၂)ဖွဲ့ ပေါင်းပြီး ခုခံတိုက်ခိုက်၊သုံးရက်တာ တိုက်ခိုက်မှုအတွင်း ဗိုလ်အဆင့်တွေ အပါအဝင် စကစ (၁၀)ဦးခန့် သေ၊
MFP ၊ ဧပြီ - ၅
မကွေးတိုင်း ရေစကြိုမြိုနယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြိုနယ်အစပ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေထဲ စစ်ကြောင်း သုံးကြောင်းခွဲကာ စီးနင်းဝင်ရောက် အကြမ်းဖက် မွှေနှောက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မဟာမိတ် (၂၂)ဖွဲ့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတယ်လို့ မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ (CDSOM)က MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ဧပြီ(၂)ရက် မနက်ပိုင်းကတည်းက ရေလယ်ကျွန်းဒေသထဲ ဝင်ရောက်လာတာ ဖြစ်ပြီး ဒီကနေ့အထိ တစ်ရွာဝင် တစ်ရွာထွက်နဲ့ ကျေးရွာကိုးရွာကို အကြမ်းဖက် စီးနင်းပြီး နေအိမ်အလုံး (၁၀၀)နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို အသက်(၆၀)ကျော် အဖိုးအဖွား သုံးဦး အပါအဝင် ဒေသခံ အရပ်သားပြည်သူ လေးဦး ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
အဲ့ဒီလို ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသခံ PDF (၂၂)ဖွဲ့ကလည်း အလစ်အငိုက် တိုက်ခိုက်တာ၊ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး သုံးရက်တာအတွင်း စစ်အုပ်စုဘက်က နှစ်ပွင့်ဗိုလ် နှစ်ဦး အပါအဝင် (၁၀)ဦးခန့် သေတယ်လို့ CDSOM ရဲဘော်က ပြောပါတယ်။
PDF တပ်ဖွဲ့တွေက အလစ်အငိုက် ဝင်တိုက်တာမို့ PDF ရဲဘော်တွေ ထိခိုက်ကျဆုံးတာ မရှိဘဲ စစ်အုပ်စုရဲ့ ဗုံးသီး၊ ကျည်ဆံ၊ ကျည်အိမ်နဲ့ အခြား အသုံးအဆောင်တချို့ကိုပါ သိမ်းပိုက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဧပြီ(၂)ရက်နှင့် (၃)ရက်နေ့တွေက ရေစကြိုနယ်ဘက် အထိုင်ချပြီး ရေလယ်ကျွန်းဒေသ ကျေးရွာတွေဖြစ်တဲ့ မာလာကာခြံ၊ မြေဇွန်း၊ ရွာသစ်၊ ရွှေလှံ၊ မင်းလှ၊ ဇရပ်နီ၊ နွားမော့၊ သာခေါင်နှင့် မြောင်နယ်က မြစ်ဆုံကျေးရွာတွေကို ဝင်မွှေသောင်းကျန်းခဲ့ကြောင်းနှင့် လက်ရှိမှာတော့ မြောင်နယ်ဘက်ကို ကူးလာနေပြီလို့ ဆိုပါတယ်။
ရေလယ်ကျွန်းဒေသ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ (CDSOM) ရဲဘော်တစ်ဦးကို MFP ကို ဆက်သွယ်မေးမြန်းထားပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment