မတ္တရာမြို့နယ်မှာလည်း စစ်ရေးလှုပ်ရှားမှုအရှိန်မြှင့်မှာဖြစ်လို့ စစ်အုပ်စုရဲ့သင်္ကြန် မပျော်ကြဖို့ PDF သတိပေး
ဧပြီ - ၅
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်မှာဖြစ်လို့ စစ်အုပ်စုရဲ့ သင်္ကြန် မပျော်ပါးကြဖို့ ဒေသခံ PDF အဖွဲ့တွေက သတိပေးလိုက်ပါတယ်။
စစ်အုပ်စုဟာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လိုတာကြောင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်မှု မအောင်မြင်စေဖို့အတွက် မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)နဲ့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာ) အဖွဲ့ဝင်တို့ဟာ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။
ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလအတွင်းမဏ္ဍပ်တွေကို သွားရောက်လည်ပတ်တာ၊ KTV တွေမှာ စုစည်းပြီး ပျော်ပွဲရွှင်ပွဲပြုလုပ်တာ၊ လူစည်ကားတဲ့နေရာတွေကို သွားရောက်ရေဆော့ကစားတာတွေ မပြုလုပ်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
လာမယ့် သင်္ကြန်ကာလ မန္တလေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်မယ်လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) ကလည်း ဧပြီလဆန်းမှာ ထုတ်ပြန်ထားပြီး ပြည်သူတွေ စစ်အုပ်စုရဲ့သင်္ကြန် မဆင်နွှဲကြဖို့ တိုက်တွန်းထားပါတယ်။
တစ်ဖက်မှာတော့ စစ်အုပ်စုကလည်း သင်္ကြန်ကာလ မန္တလေးကျုံးအတွင်း လောင်းလှေတွေနဲ့ ဖွင့်ပွဲပိတ်ပွဲ ပြုလုပ်တာ၊ ကျုံးပတ်လည် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်စေတာ၊ မြို့တွင်းမဏ္ဍပ်တွေ ဆောက်လုပ်စေတာတို့ကို ဖိတ်ခေါ်နေပြီး လူစည်ကားအောင် သွေးဆောင်နေပါတယ်။
မန္တလေးမြို့ခံတွေကတော့ စစ်အုပ်စုသင်္ကြန် မဆင်နွှဲဘူးလို့ တုံ့ပြန်ထားကြပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment