စဉ့်ကူး၊ ဧပြီ ၁၃၊ ၂၀၂၂။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားဂိတ်က စစ်ကောင်စီဂိတ်ကိုသင်္ကြန်အကြို ဒီမနက် အစောပိုင်းမှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စဥ်ကူး PDF က ထုတ်ပြန်ပါတယ်။
ဒေသခံတွေအပေါ် အနိုင်ကျင့်ငွေညှစ်နေလို့ အဲ့ဒီတံတားဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
''ဒီမနက် ၄ နာရီလောက်မှာ သွားပြီးတိုက်ခိုက်တာပါ။ ပြန်ပစ်တာတွေရှိတယ် ကျနော်တို့သွားပစ်တဲ့ဂိတ်က ပစ်တာမဟုတ်ဘူး။ ရွှေဘို၊ ကျောက်မြောင်းဘက်အခြမ်း တံတားဂိတ်က ပစ်တာ။ ပြည်သူလူထု အင်မတန်မုန်းတဲ့ဂိတ်ပါ တံတားအရှည်ကြီးကို အစအဆုံး ဆိုင်ကယ်ဆင်းတွန်းခိုင်းတာတွေ ငွေညှစ်တာတွေ ရိုက်နှက်တာတွေလုပ်နေတဲ့ ဂိတ်ပါ'' လို့ စဥ့်ကူး PDF တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦးထိခိုက်ဒဏ်ရာထားပြီး အတည်ပြုနေဆဲဖြစ်ကာ အသေးစိပ်ကို ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
''သင်္ကြန်တွင်းမှာ အိမ်မှာပဲ လုံခြုံစွာ ပျော်ကြပါ။ စစ်ကောင်စီတပ်ကား၊ စစ်စခန်းတွေနဲ့ ဝေးရာရှောင် ရှားကြပါ။ပြည်သူသာအဓိကပါ။ပြည်သူလူထုကိုအမြဲ ယုံကြည်ပါတယ်လို့ပြောချင်ပါတယ်'' လို့ သူက ဆက်ပြောပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment