ဓာတ်ပုံ - DEF-PDF |
တနင်္သာရီတိုင်းမ်၊ ဧပြီ ၂၆
ထားဝယ်-ထီးခီးလမ်းကို အသုံးပြုမှု ခေတ္တရပ်ဆိုင်းထားဖို့ သတိပေးထားပေမယ့် မလိုက်နာကြတဲ့အတွက် ညဘက်သွားလာတဲ့ ယာဥ်တွေကို ပစ်ခတ်ဖမ်းဆီးမယ်လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုက သတိပေးလိုက်ပါတယ်။
ထားဝယ်-ထီးခီးလမ်းကို ဒီနေ့ကစပြီး ည ၆ နာရီကနေ နံနက် ၅ နာရီအထိ လုံးဝဖြတ်သန်းသွားလာတာမပြုလုပ်ဖို့နောက်ဆုံးအကြိမ်သတိပေးတာဖြစ်ပြီး မလိုက်နာဘဲဖြတ်သန်းတဲ့ယာဥ်ကို ပစ်ခတ်ဖမ်းဆီးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
"ကားတွေက ကျနော်တို့ပြောနေတာကိုလုံးဝဂရုမစိုက်ဘဲဖြစ်နေတယ်။ ဒါကြောင့်ဒီလိုထုတ်ပြန်ရတာပါ" လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုရဲ့ တာဝန်ခံကပြောပါတယ်။
ထားဝယ်-ထီးခီးလမ်းမှာ ယခင် သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိဘဲ သွားလာနေကြတဲ့အပြင် ကားတွေမှာ စစ်ကောင်စီတပ်သားတွေခိုးကြောင်ခိုးဝှက်လိုက်ပါနေတာတွေ၊ အရပ်သားကားအသုံးပြုသွားလာတာတွေရှိနေလို့ အခုလိုသတိပေးရတာဖြစ်တယ်လို့ တာဝန်ခံကဆိုပါတယ်။
စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ထားဝယ်-ထီးခီးလမ်းအသုံးပြုမှုခေတ္တရပ်ဆိုင်းပေးထားဖို့ ထားဝယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တို့ကကြေညာထားပါတယ်။
ထီးခီးနယ်စပ်ဂိတ်ကို စစ်ကောင်စီဘက်ကလည်းပိတ်ထားပါတယ်။
အဲဒီလမ်းပေါ်မှာရှိတဲ့ ပကာရီရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေပြီး မနေ့ညကစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။
The Tanintharyi Times
No comments:
Post a Comment