ဂန့်ဂေါ၊ ဧပြီ ၂၅၊ ၂၀၂၂။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ဒုရဲမှူးတဦးကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဂန့်ဂေါ PDFက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒုရဲမှူးဝေဖြိုးကို ဆိုသူဖြစ်ပြီး၊ ဇနီးဖြစ်သူနဲ့အတူ နေ့လယ် ၃ နာရီလောက်မှာ စျေးဝယ်ထွက်လာစဥ် ပစ်ခတ်ခံရတာလို့ သိပါတယ်။
"ဟုတ်ပါတယ်၊ သူကသုံးပွင့်နဲ့ရဲဗျ၊ ရောက်တာ ၇ ရက်ပဲရှိသေးတယ်၊ တောင်ခင်ရန်းရဲစခန်းထဲမှာနေတယ်၊ လွန်ခဲ့တဲ့တပတ်အတွင်းက နှမ်းခါးရွာကိုစစ်ကြောင်းထိုးရာမှာ ခေါင်းဆောင်သူပါ၊ ရွာသားတယောက်ကို သတ်သွားပါတယ်၊" လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်မူဖြစ်စဥ် ချက်ခြင်းသေဆုံးခြင်းမရှိတာကြောင့် PDFရဲဘော်တွေက ရဲစခန်းအနီးအထိ လိုက်လံပစ်ခတ်ခဲ့ရတာလို့ သိရပါတယ်။
အတူပါလာတဲ့ ဇနီးကို ပစ်ခတ်ခြင်းမပြုပေမယ့် သူတို့မောင်းနှင်လာတဲ့ ဆိုင်ကယ်ကိုတော့ ရဲဘော်တွေက ယူဆောင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒုရဲမှူးဝေဖြိုးကိုဟာ ဧပြီလ ၁၈ ရက်နေ့ကလည်း နှမ်းခါးရွာက ဦးစန်းဝင်းဆိုသူကို လက်ပြန်ကြိုးတုပ်ပစ်သတ်ခဲ့တဲ့ စစ်ကြောင်းမှာ ဦးဆောင်သူဖြစ်တယ်လို့ သိရပေမယ့် မြေလတ်အသံကတော့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment