ကန့်ဘလူPDF တိုက်ပွဲနှင့် စစ်ကောင်စီတပ်သား ၂၆ ဦးသေပြီး ၁၃ ဦးကို အရှင်ဖမ်းမိ၊ ဖမ်းမိသူ ၁၃ ဦးတွင် အမျိုးသမီး ၃ ဦးပါဝင်


မဲခေါင်၊ ဧပြီ ၁၁

ကောလင်းခရိုင်ဘက်သို့ တက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ တပ်သား ၂၆ ဦး သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်ကို ပြောသည်။

ယနေ့နံနက်အစောပိုင်းတွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာအနီးမှ ဖြတ်စဉ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂၆ ဦး သေဆုံးပြီး ၁၃ ဦးကို အရှင်ဖမ်းမိကြောင်း ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အရှင်ဖမ်းမိတဲ့ ထဲမှာ ထူးဆန်းတာ မိန်းမ ၃ယောက်ပါတယ်။ သူတို့အခေါ် စစ်မေပေါ့။ ဖမ်းမိတဲ့ ၁၃ယောက်လုံးက ပြည်သူ့စစ်တံဆိပ်နဲ့ ပျူစောထီးတွေချည်းပဲ။ စစ်ကြောင်းထဲမှာ စကစ တပ်သားက နည်းနည်းပဲပါပြီး အများစုက ပျူစောထီးတွေလို့သိရတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းမိသည့် အမျိုးသမီး ၃ ဦး၏ ပြောဆိုချက်အရ ၎င်းတို့ကို တူမီးကိုင်ဆောင်ထားသည့် PDF တပ်သားများဖြင့်သာ တိုက်ရမည်ဟု ပြောဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်နဲ့ တပ်ရင်းမှူးလား ဘာလားတော့မသိဘူး တစ်ယောက်နာမည်ကို ဆဲပြီး ပြောနေတာ။ သူတို့ကို တူမီးနဲ့ပဲ တိုက်ရမှာဆိုပြီး ပြောပြီး လွှတ်လိုက်တာတဲ့။ ပြောပြောပြီး ငိုနေကြတာ” ဟု ၎င်းကပြောသည်။

ဖမ်းမိသူများ၏ ထွက်ဆိုချက်အရ စစ်တပ်နှင့် ပျူစောထီးများကြားတွင် စစ်ကောင်စီက တဖက်ပိတ်ဝါဒဖြန့်နေပြီး စစ်တိုက်ထွက်ရန် စေလွှတ်ကြောင်း၊ သတင်းဌာနများတွင် ဖော်ပြသည့် စစ်ကောင်စီတပ်၏ သေဆုံးစာရင်းများကို သတင်းမှားများဟု ပြောဆိုကြောင်း အဆိုပါသတင်းရင်းမြစ်၏ ပြောပြချက်အရသိရသည်။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် စစ်ကောင်စီက အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ အများအပြား ပြုလုပ်နေသော်သလည်း ၎င်းတပ်များသာ အထိနာလျှက်ရှိကြောင်း စုံစမ်းသိရသည်။


MeKong News - မဲခေါင်သတင်း


ကန့်ဘလူPDF တိုက်ပွဲနှင့် စစ်ကောင်စီတပ်သား ၂၆ ဦးသေပြီး ၁၃ ဦးကို အရှင်ဖမ်းမိ၊ ဖမ်းမိသူ ၁၃ ဦးတွင် အမျိုးသမီး ၃ ဦးပါဝင် ကန့်ဘလူPDF တိုက်ပွဲနှင့် စစ်ကောင်စီတပ်သား ၂၆ ဦးသေပြီး ၁၃ ဦးကို အရှင်ဖမ်းမိ၊ ဖမ်းမိသူ ၁၃ ဦးတွင် အမျိုးသမီး ၃ ဦးပါဝင် Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.