ပုလဲနယ်ထဲက ရွာတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့စဉ် (အင်တာနက် ဖြတ်တောက်ခံထားရလို့ လတ်တလော မီးရှို့ခံရတဲ့ အိမ်တွေရဲ့ ပုံတွေကို ဖော်ပြနိုင်ခြင်း မရှိသေးပါ။)/Photo – CJ |
ပုလဲ သီတင်းရွာထဲ စစ်အုပ်စု ဝင်မွှေကာ အိမ်ခြေ(၂၀၀)ကို မီးရှို့၊ ဒေသခံတစ်ဦးကို ကြိုးတုပ်သတ်ဖြတ်၊
ဧပြီ - ၁၉
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် သီတင်း(အရှေ့)ရွာကို စစ်အုပ်စုက မနေ့က ဧပြီ(၁၈)ရက်မှာ အကြောင်းမဲ့ စီးနင်းဝင်ရောက်ပြီး အိမ်ခြေ(၂၀၀)ခန့်ကို မီးရှိူ့ဖျက်ဆီးခဲ့သလို ဒေသခံ အမျိုးသားတစ်ဦးလည်း လက်ပြန်ကြိုးတုပ်ကာ နှိပ်စက် သတ်ဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဧပြီ(၁၈)ရက် နေ့လယ်ပိုင်းက သီတင်း(အရှေ့)ရွာအနီးမှာ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနှင့် စစ်အုပ်စုကြား တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က (၃၀)ကျော် သေပြီးနောက် အနီးအနားက ရွာတွေကို စစ်အုပ်စုက ဝင်မွှေသောင်းကျန်း အကြမ်းဖက်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ စစ်အုပ်စုက လက်နက်ကြီးနှင့် ရမ်းကားပစ်ခတ်လို့ သီတင်း (အရှေ့)ရွာထဲ ကျရောက်ပေါက်ကွဲရာကနေ မီးလောင်ကျွမ်းခဲ့သလို စစ်အုပ်စုက ရွာထဲဝင်ပြီး ဓားပြတိုက်လုယက်၊ လူသတ်ကာ နေအိမ်တွေကို မီးရှို့တာကြောင့် အိမ်ခြေ(၂၀၀)ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
"သူတို့ထွက်သွားတော့ ရွာထဲကို သွားကြည့်သေးတယ်။ လူတစ်ယောက် ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတယ်။ အရေခွံတွေလည်း လန်နေတာတွေ့ရတယ်"လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ အင်အား(၂၀၀)ဝန်းကျင်နဲ့ ပုလဲမြို့နယ်ထဲ သောင်းကျန်းနေတာ ဖြစ်ပြီး ရွာစဉ်ပတ်မွှေ အကြမ်းဖက်စီးနင်းကာ ဓားပြတိုက်လုယက်နေတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ပုလဲနယ်ထဲက ရွာတွေကို စစ်အုပ်စုက ဆက်တိုက် ဝင်မွှေနေခဲ့ရာက ကြားထဲမှာ ရက်အတန်ကြား စစ်ကြောင်းထိုးခြင်းမရှိဘဲ ခေတ္တနားသွားပြီး လက်ရှိမှာတော့ တကြော့ပြန် ဝင်မွှေ သောင်းကျန်းနေတာ ဖြစ်ကြောင်း ပုလဲဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ပုလဲမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့၊ရွာတွေကို အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ကာ ထင်တိုင်းကျဲ ဝင်မွှေလုယက် သောင်းကျန်း သတ်ဖြတ်နေတာ ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပုလဲနယ်ထဲမှာ အူရီဒူးဖုန်းလိုင်းတစ်ခုသာ ဆက်သွယ်ပြောဆိုလို့ရတော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment