လေယာဉ်ဖြင့် ကြဲချပေးသည့် စစ်ကောင်စီ၏ ရိက္ခာထုပ်များကို KNLA ကြားဖြတ်သိမ်းယူ

Photo_KNLA

ဧပြီလ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီ၏ မယ်ဝေ(မဲဝိုင်) စခန်းကို စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ကြဲချပေးသည့် ရိက္ခာထုပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များမှ ကြားဖြတ်သိမ်းယူနိုင်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ယမန်နေ့ ဧပြီလ(၂၅)ရက်နေ့၊ ညနေ ၄နာရီကျော် အချိန်တွင် စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်တစ်စင်းပေါ်မှ ရိက္ခာထုပ် (၁၁) ထုပ်အား မယ်ဝေ(မဲဝိုင်)အခြေစိုက်တပ်စခန်းများအတွက် နှစ်ကြိမ်လာရောက်ကြဲချခဲ့ရာ KNU တပ်မဟာ (၅) လက်အောက်ခံ KNLA တပ်ရင်း(၁၀၂)၏ တပ်ခွဲ တပ်ဖွဲ့ဝင်များမှ (၉)ထုပ်သိမ်းဆည်းရယူနိုင်ခဲ့ပြီး ကျန်(၂) ထုပ်ကိုမူ ရှာဖွေနေဆဲဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ရိက္ခာထုပ်များလာရောက်ကြဲချနေချိန်တွင် ဖာပွန်မြို့ အခြေစိုက် စစ်ကောင်စီတပ်မှ (၁၂၂ မမ) စိန်ပြောင်း လက်နက်ကြီး တစ်လုံးအား မဲဝေဒေသသို့ ခြိမ်းခြောက်လှမ်းပစ်ခဲ့ကြောင်းနှင့် အဆိုပါ လက်နက်ကြီး ပစ်ခတ်မှု မှာလည်း ဒေသတွင်းရှိပြည်သူများနှင့် လူနေအိမ်ခြေများ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း လည်း ဆက်လက် ဖော်ပြထားသည်။ 

အဆိုပါ မယ်ဝေ အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွင် ခြေမြန်တပ်ရင်း(ခမရ-၄၀၅) တပ်ရင်းအခြေစိုက် စခန်းဖြစ်ပြီး လက်ရှိတွင်တာဝန်ပြီးဆုံးချိန် တပ်ပြောင်းပြန်သွားမည့် ခြေလျင်တပ်ရင်း (ခလရ-၉၇) မှ တပ်ဖွဲ့ ဝင်များမှာ နောက်တန်းဌာနချုပ်ကို မပြန်ရဲကြဘဲ မယ်ဝေစခန်းတွင် ခိုကပ်ပူးပေါင်းနေထိုင်နေကြခြင်းဖြစ်သည်။ 

စစ်ကောင်စီအနေဖြင့် ကုန်းလမ်းကြောင်းဖြင့်စားနပ်ရိက္ခာနှင့်လက်နက်ခဲယမ်းများသယ်ဆောင်ချိန်တိုင်း KNU တပ်မဟာ (၁) နှင့် တပ်မဟာ (၅) လက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် အဆင့်ဆင့်ပိတ်ဆိုဟန့်တားထားသဖြင့် ဝေဟင်လမ်းကြောင်း စစ်ရဟတ်ယာဉ်များဖြင့်ပြောင်းလဲအသုံးပြုလာလျက်ရှိကြောင်း KNU က ဆိုသည်။ 

အလားတူ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း မယ်ဝေ(မဲဝိုင်)အုပ်စု၊ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၉၇) တပ်ဖွဲ့ဝင်များက မယ်ပေါ်ထာတွင် ရိက္ခာသွားထုတ်ပြီး ပြန်လာစဉ် KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များမှ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သေးသည်။

ပြီးခဲ့သည့် မတ်လ (၂၉) ရက်နေ့တွင်လည်း မယ်ဝေ (မဲဝိုင်) ရှေ့တန်းစခန်းကို စစ်လေယာဉ် (၄) စီးဖြင့် လက်နက်ခဲယမ်းများနှင့် ရိက္ခာပစ္စည်းများအား လာရောက်ကြဲချခဲ့စဉ် ယင်း (၄) စီးအနက် ပထမ တစ်စီး ကြဲချချိန်တွင် တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များမှ ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခဲ့သလို အဆိုပါ ရိက္ခာပစ္စည်းများကို သိမ်းဆည်းရယူနိုင်ခဲ့သေးသည်။ 


Karen Information Center -KIC

လေယာဉ်ဖြင့် ကြဲချပေးသည့် စစ်ကောင်စီ၏ ရိက္ခာထုပ်များကို KNLA ကြားဖြတ်သိမ်းယူ လေယာဉ်ဖြင့် ကြဲချပေးသည့် စစ်ကောင်စီ၏ ရိက္ခာထုပ်များကို KNLA ကြားဖြတ်သိမ်းယူ Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.