လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါပစ်ခတ်ခြင်းများလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား KNLA တန်ပြန်တိုက်ခိုက်၍ ၅ ဦးထက်မနည်း သေဆုံး
ဧပြီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသတွင် ဝင်ရောက်လှုပ်ရှားပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါ ချောင်မြောင်းပစ်ခတ်ခြင်းများနေ့စဉ်လိုလိုလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားဖြင့် တန်ပြန်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု KNLA ပူးပေါင်းတပ်ဘက်က ပြောသည်။
လေးကေကော်ဒေသတွင် ဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီတပ်များသည် KNLA ပူးပေါင်းတပ်ဖွဲ့များရှိမည်ဟု ယူဆသည့်နေရာများဘက်သို့ ဧပြီ ၁၈ ညမှ ၂၀ရက်နေ့အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စနိုက်ပါသေနတ်သမားဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်းများ နေ့ရော၊ ညပါ လုပ်ဆောင်နေသည့်အတွက် KNLA ပူးပေါင်းတပ်များမှ ပြောက်ကျားတန်ပြန် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာတွင် ထိုသို့ ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။
"၁၈ ရက်ညက ခွေးကုန်း(စွယ်တော်ကုန်း)နဲ့ ကြက်ကင်ကုန်းတွေကနေ လက်နက်ကြီးတွေနဲ့ ည ၁၁ ၀န်းကျင်မှာ ပစ်ခတ်တိုက်ခိုက်တယ်၊ ၁၂ နာရီကျော်မှာ ကင်းထောက်လေယာဉ် လာဝဲတယ်၊ နောက် ၁၉ ရက်မနက်ပိုင်း ၆ နာရီကျော်မှာလည်း ကင်းထောက်လေယာဉ် လာဝဲပြီး ပြန်သွားတယ်၊ နေ့လည် ၁၁ နာရီ လောက်မှာ လေးကေကော် ရပ်ကွက်တွေဘက်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကနေ စနိုက်ပါနဲ့ လှမ်းလှမ်းပစ်နေတယ်၊ ၂၀ ရက် ည ၁ နာရီကျော်က လေယာဉ် ဗုံးလာကြဲတယ်၊ ကိုယ့်အဖွဲ့တွေဘက်ကတော့ အထိအခိုက် မရှိပါဘူး၊ မနေ့ကတော့ ကရင်ပူးပေါင်းအဖွဲ့တွေဘက်က တန်ပြန်ပစ်တဲ့ လက်နက်ကြီးက စစ်ကောင်စီ စက်သေနတ်အဖွဲ့ စနိုက်ပါ အဖွဲ့တွေဘက်ကိုကျတာမှာ ၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်"ဟု KNLA ပူးပေါင်းအဖွဲ့ သတင်း အရင်းအမြစ်က ပြောသည်။
KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာ ခရိုင်အတွင်းရှိ လေးကေကော်၊ ထီးကပလယ် ၊ သင်္ဃန်းညီနောင် ထီးမူးထ့၊ နို့ဖိုး၊ ကော့ကရိတ် ရွာသစ်ကုန်း၊ တောင်ကြာအင်း ဒေသကျေးရွာများ KNLA ပူးပေါင်းအဖွဲ့ စစ်ရေး လှုပ်ရှားရာနေရာများအား မတ်လနှင့် ဧပြီလအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် ပေါင် ၅၀၀ ပဒေသာ ဗုံးကြီးများ ကြဲချခြင်း၊ ဒုံးပစ်ဗုံးသီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ပစ်စက် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ နယ်မြေအတွင်း လက်နက်ကြီးကုန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် အရပ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို့အပြင် ဒေသတွင်း လူနေအိမ်၊ တောင်ယာစိုက်ခင်း၊ စာသင်ကျောင်း၊ ခရစ်ယန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း သာသနိက အဆောက်အအုံများလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ၃၀,၀၀၀ ခန့်အထိ တိုက်ပွဲလွတ်ရာ နေရာများတွင် ဆက်လက် စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။
အဆိုပါ နှစ်ဖက် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ လေးကေကော်၊ သင်္ဃန်းညီနောင်၊ ထီးမူးထ နှင့် ဝေါလေ၊ ကနဲလေး၊ မောခီးနေရာများဘက်သို့ စစ်အင်အား ဆက်လက် ဖြည့်တင်း ပို့ဆောင်ကာ နေ့ရော၊ ညပါ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း မြေပြင် စစ်ဆင်ရေးအသွင်ဖြင့် တိုက်ခိုက်ခြင်းများကြောင့် KNLA ပူးပေါင်း အဖွဲ့ များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
Karen Information Center -KIC
No comments:
Post a Comment