KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ရေးတင်းမာနေ

ပုံ/ ၂၀၁၉ ခုနစ်က နမ်ဆန်ယန်ကျေးရွာတွင်တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

လိုင်ဇာ - ဧပြီ ၅၊ ၂၀၂၂။ 

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။ 

လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် စစ်ရေးတင်းမာနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

"နမ်ဆန်ယန်ကို စစ်ကြောင်းဝင်လာတာက စတာပဲ။ မနေ့က စစ်ကြောင်းထိုးတာ။ စစ်ရှောင်တွေ ဒီရွာကို ပြန်လာတာတောင် မကြာသေးဘူး။ တိုက်ပွဲပြန်ဖြစ်ရင်တော့ ဒုက္ခပဲ" ဟု ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့များထံသို့ ရိက္ခာလာပို့သည်ဟု သိထားသော်လည်း ကေအိုင်အိုနယ်မြေအတွင်းသို့ ဝင်ရောက်လာပါက တိုက်ပွဲဖြစ်လာနိုင်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က The 74 Media ကိုပြောသည်။

“သူတို့က(စစ်ကောင်စီ) အဲ့အနီး တစ်ဝိုက်မှာရှိတဲ့ တပ်တွေကို ရိက္ခာတွေပို့ဖို့ရောက်လာတယ်လို့ သိထားပါတယ်။ အင်အား ၂၀၀ လောက်ရှိတယ်လို့ ကြားတာပေါ့။ လက်နက်ကတော့ အပြည့်အစုံနဲ့ပေါ့။ လက်နက်ကြီးတွေ ပါမပါတော့ မကြားမိပါဘူး။ တစ်ခုရှိတာကတော့ သူတို့ရှိနေတဲ့နေရာကနေ ကေအိုင်အိုတို့ရှိတဲ့ နေရာဘက်ကို ဆက်တိုးလာလို့ချင်ရင် တိုက်ပွဲဖြစ်လာနိုင်မှာပါ။ ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာပိုင်းပြောပြလို့မရပေမယ့် ရန်သူလာရင်ပစ်မှာပဲ”ဟု ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာသဖြင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ဘက်ကလည်း စစ်ရေးပြင်ဆင်မှုရှိသည်ဟု လိုင်ဇာဒေသခံတစ်ဦးက ဆိုသည်။

"လိုင်ဇာဘက်မှာလည်း တကယ်လို့ စစ်တပ်က တိုက်ရင် ပြန်ခုခံဖို့ ပြင်ဆင်နေတာတွေ ရှိတယ်လို့ ကြားတယ်" ဟု ပြောသည်။ 

နမ်ဆန်ယန်ကျေးရွာသည် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကျေးရွာတစ်ခုဖြစ်ပြီး လိုင်ဇာမြို့အနီးတည်ရှိကာ ၂၀၁၂ ခုနှစ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာတစ်ခုဖြစ်သည်။ 

၂၀၂၀ ခုနှစ်မှစတင်ပြီး ဒေသခံအချို့ ပြန်လည်အခြေချနေထိုင်လာပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေသည်။


The 74 Media 

KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ရေးတင်းမာနေ KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ရေးတင်းမာနေ Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.