အင်းတော်ကြီး ချောင်းဝပြည့်သူ့စစ်ဂိတ်စခန်းကို KIA ၊PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ဖျက်ဆီး


ဧပြီ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသက စစ်ကောင်စီလက်အောက်ခံ ချောင်းဝပြည်သူ့စစ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့မှ ယနေ့နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများမှ ကြားသိရသည်။

KIA ၊ PDF ပူးပေါင်းအဖွဲ့မှ အဆိုပါပြည်သူ့စစ်စခန်းသို့ ပစ်ခတ်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးကာ သိမ်းပိုက်လိုက်ကြောင်းနှင့် ထိခိုက်ကျဆုံးမှု မသိရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

“ချောင်းဝပြည်သူ့စစ်စခန်းကို မနက်လေးနာရီလောက်က သွားပစ်ပြီး စခန်းမီးရှို့ပြီး သိမ်းလိုက်တာ။အင်အားက ဆယ်ဝန်းကျင်လောက်ပဲရှိတယ်။ သေဆုံးတာတွေတော့ မကြားမိဘူး။ ထွက်ပြေးသွားကြတယ်ထင်တယ်။ “ ဟု ဒေသခံက ဆိုသည်။

ယနေ့နံနက် လေးနာရီခွဲအချိန်ခန်က စတင်ကာ ပစ်ခတ်သံများကြားနေရပြီး နံနက်ခြောက်နာရီခန့်တွင် ပစ်ခတ်သံများငြိမ်သက်သွားကြောင်း အခြားဒေသခံတစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” ဒီမနက် လေးခွဲလောက်ကနေ ပစ်တာ ခြောက်နာရီလောက်ကမှ အသံတွေ ငြိမ်သွားတာ။ ထိခိုက်တာတွေတော့ အတိအကျမသိရသေးဘူး။ဖားကန့်ဘက်ကိုသွားတဲ့ ကွင်းလမ်းတစ်ခု ဟုတ်တယ်။အဲဒီမှာ ဖြတ်သွားဖြတ်လာတွေကို စစ်ဆေးတာတွေရှိတော့ သွားပစ်တာလို့ ကျွန်တော်တို့ထင်တယ်။ “ ဟု ဒေသခံက ဆိုသည်။

ချောင်းဝပြည်သူ့စစ်စခန်းသည် အင်းတော်ကြီးမှ ဖားကန့်သို့သွားရာ ကွင်းလမ်းတွင်တည်ရှိပြီး သစ်၊ စပါး တင်ဆောင်သည့်ယာဉ်များနှင့် သစ်လုပ်ငန်းလုပ်ကိုင်ကြသူများထံမှလည်း ငွေကြေးတောင်းခံမှုများ ရှိကြောင်းသိရသည်။

ယင်းနေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉) ၊ တပ်ရင်း (၂၆) တို့၏ လှုပ်ရှားနယ်မြေဖြစ်ပြီး တပ်ရင်း (၄ု၄)နှင့် နီးကပ်သည့်နေရာဖြစ်ကြောင်းလည်း သိရသည်။


Myitkyina News Journal 

အင်းတော်ကြီး ချောင်းဝပြည့်သူ့စစ်ဂိတ်စခန်းကို KIA ၊PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ဖျက်ဆီး အင်းတော်ကြီး ချောင်းဝပြည့်သူ့စစ်ဂိတ်စခန်းကို KIA ၊PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ဖျက်ဆီး Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.