Free Burma Rangers အဖွဲ့၌ သင်တန်းတက်ခဲ့သည့် KNLA ၏ ဆေးမှူးကို စစ်တပ်က အရှင်ဖမ်းပြီးနောက် နှိပ်စက်သတ်ဖြတ်
မြဝတီ၊ ဧပြီ (၂၉)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၇) မှ ဆေးမှူး စောအောင်ထူးကို အကြမ်းဖက်စစ်တပ်က အရှင်ဖမ်းပြီးနောက် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း Free Burma Rangers အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
Free Burma Rangers အဖွဲ့တွင် သင်ကြားခဲ့သူဖြစ်ပြီး စစ်တပ်က မတ်လ(၂၄)ရက်နေ့တွင် အရှင်ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောအောင်ထူးနှင့်အဖွဲ့က မတ်လ (၂၄) ရက်နေ့ လမ်းလျှောက်နေစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့သည့်အတွက် စောအောင်ထူးမှ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်မှု၌ စစ်ကောင်စီလက်ပါးစေ (၂) ဦးသေဆုံးခဲ့ပြီးနောက် ၎င်းကို အရှင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မတ်လ (၂၅) ရက်နေ့၌ ထိုနေရာသို့ပြန်သွားစဉ် စောအောင်ထူး၏ အလောင်း၌ ဆိုးဝါး ပြင်းထန်စွာနှိပ်စက်ခံထားရသည့် ဒဏ်ရာများရရှိထားသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
စောအောင်ထူးသည့် ဒူးပလာယာခရိုင်အဖွဲ့တွင်ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် Free Burma Rangers လေ့ကျင့်ရေးစခန်းသို့တက်ရောက်ခဲ့ပြီးနောက် KNLA တပ်ရင်း(၁၇) ၏ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကျဆုံးသွားသည့် စောအောင်ထူးတွင် ခြောက်နှစ်သမီး၊ သုံးနှစ်အရွယ်သားတစ်ယောက်နှင့်အတူ ဇနီးဖြစ်သူ ကျန်ရစ်ခဲ့သည်။
Lu Nge Khit
No comments:
Post a Comment