ဓာတ်ပုံ - ပုံဟောင်း |
ဆားလင်းကြီး၊ ဧပြီ (၂၆)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းသို့ ရိက္ခာလာပို့သည့် အကြမ်းဖက်စစ်တပ်၏ ကား(၂)စီးနှင့်ဆိုင်ကယ် ယနေ့နံနက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
"ကားက ဝမ်ပေါင်ကြေးနီကုမ္ပဏီကထွက်လာတဲ့ကား (၂) စီး။ ရိက္ခာပို့ဖို့ဆိုပြီး ထွက်လာကြတာလို့သိရတယ်။ ကားတစ်စီးကတော့ အတော်ထိသွားတယ်လို့သိရတယ်။"ဟု ၎င်းက ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Young People Force (YPF) နှင့် အမိမြေတပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမိမြေတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
"စခ(စစ်ကောင်စီတပ်သား)တွေဘက်က ထိခိုက်သေဆုံးမှုတော့ရှိတယ်ဗျ။ အသေအချာတော့မသိရသေးဘူး။ ညနေပိုင်းလောက်မှ ဘယ်နှစ်ယောက်လောက် သေလည်းဆိုတာ သိနိုင်မလားဘဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမိမြေ တပ်ဖွဲ့သို့ လူငယ့်ခေတ်က မေးမြန်းထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်မဖြေကြားသေးပေ။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့တွင် တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့်ဆက်စပ်လုပ်ကိုင်နေသည့် ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်မဖော်ရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (၁၆) ဖွဲ့က ယခုလအတွင်း သတိပေးထားသည်။
အဆိုပါ ကြေးနီစီမံကိန်းအတွက် အစောင့်အဖြစ် ထားရှိထားသည့် အကြမ်းဖက်စစ်သားများကိုလည်း တိုက်ခိုက်မည်ဟု ထုတ်ပြန်ထားပြီး လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများကိုလည်း မေလ (၅) နောက်ဆုံးထား ပြီး CDM ဝင်ကြရန် နှိုးဆော်ထားသည်။
Lu Nge Khit
No comments:
Post a Comment