စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်၌ ရမ်းကားနေသည့် စစ်အုပ်စု(ပုံဟောင်း)/ ဓာတ်ပုံ - CJ |
ဧပြီ - ၁၀
မန္တလေးမြို့ပေါ်မှာ ဒီမနက်ပိုင်းကစပြီး စစ်အုပ်စုဟာ နေရာအနှံ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေပြီး ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
" တစ်နေရာတည်းမှာ အထိုင်ချစစ်နေတာမျိုးတော့ မဟုတ်ဘူး၊ မိုဘိုင်းလ်သဘော စစ်နေတော့ နေရာအများကြီး စစ်နေသလို ဖြစ်နေတာ၊ နောက်ပြီး ကျုံးဘေးက သင်္ကြန်မဏ္ဍပ်ဆောက်နေတဲ့နားတွေလည်း ကင်းပုန်းတွေကော ပေါ်တင်ကင်းတွေကော ချထားတယ် " လို့ မြို့ခံတစ်ယောက်က MFP ကို ပြောဆိုပါတယ်။
အရင်က မစစ်ခဲ့ဖူးတဲ့နေရာတွေမှာလည်း စစ်ဆေးတာတွေ လုပ်နေပြီး ပစ်ခတ်ဖမ်းဆီးတာတွေလည်း ရှိတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
၆၅ လမ်း၊ ၂၆ × ၂၇ လမ်းကြားမှာ လူငယ်နှစ်ယောက်ကို ပစ်ခတ်ဖမ်းဆီးသလို အိမ်စီးကားတစ်စီးအပေါ်မှာလည်း ထိုးကြိတ်ခံထားရလို့ မျက်နှာဖူးယောင်နေတဲ့သူတစ်ယောက်ကို တွေ့ရတယ်လို့ မျက်မြင်တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ၂၂လမ်း၊ ၈၃ × ၈၄ လမ်းကြားမှာလည်း ဆိုင်ကယ်နှစ်စီးနဲ့ လူ သုံးယောက်ကို ဖုန်းပြပြီး လက်ထိပ်ခတ် ဂုတ်ဆွဲကာ ကားပေါ်တင်ခေါ်သွားတယ်လို့လည်း မြို့ခံအချို့က ဆိုပါတယ်။
၃၁ လမ်း၊ ၇၄ × ၇၅ လမ်းကြားမှာလည်း ဆိုင်ကယ် (၃) ယောက်စီးလာတာကို ဖုန်းပြပီး ရိုက်ဖမ်းသွားတယ်လို့ ဆိုပါတယ်။
ညနေ (၃)နာရီဝန်းကျင်မှာ နန်းရှေ့ ရေနီမြောင်းဘက် ၆၃ × ၂၂ လမ်းအနီးမှာ စစ်ဆေးနေတဲ့ စစ်အုပ်စုနဲ့ ဆိုင်ကယ်စီးလူအချို့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ပစ်သွားတဲ့ဆိုင်ကယ်နောက်ကို အရတ်ဝတ်နဲ့ စစ်အုပ်စုက လိုက်သွားတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။
စစ်အုပ်စုဟာ မနေ့ကလည်း UG တွေကို လိုက်လဖမ်းဆီးနေပြီး အသေးစိတ်ဖြစ်စဉ်ကိုတော့ မသိရသေးဘူး။
ဒီနေ့ ဖမ်းဆီးခံရသူတို့နဲ့ ပတ်သက်ပြီး ဘာကြောင့်ဖမ်းတယ်ဆိုတာနဲ့ အရေအတွက်ကိုလည်း မသိရသေးပါဘူး။
မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေက သင်္ကြန်ကာလ တော်လှန်ရေးအရှိန်မြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် သင်္ကြန်ပွဲ စည်ကားချင်နေတဲ့ စစ်အုပ်စုဟာ ကျုံးဘေးက မဏ္ဍပ်တည်ဆောက်မှုတွေကို အသည်းအသန် ကာကွယ်နေပြီး မြို့လုံးကျွတ် စစ်ဆေးတာတွေ လုပ်နေသလို UG တွေကို ဖမ်းဆီးနေတာလို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment