ဧပြီ (၁၀)ညနေ ရန်ကုန်၌ နန်းထိုက်အောင် စစ်ဆင်ရေးထပ်မံပြုလုပ်၊ ဗိုလ်မှူးတစ်ဦး အနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေ


ရန်ကုန်၊ ဧပြီ (၁၀)

ယနေ့ ရန်ကုန်၌ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်ကို ရှင်းလင်းပစ်ခတ်ခဲ့ကြောင်း ရှင်းလင်းခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီ (၁၀) ရက်နေ့ ညနေ (၆:၃၀) ဝန်းကျင်က လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးဝင်ပေါက်အနီး မော်တင်ဆိပ်ကမ်းတွင် ၎င်းကို အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် အဆိုပါဗိုလ်မှူးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များမှာလဲ ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဗိုလ်မှူးသေဆုံးမှုအခြေအနေကိုမူ လူငယ့်ခေတ်အနေဖြင့် သီခြားအတည်မပြုနိုင်သေးပေ။

တော်လှန်ရေးအဖွဲ့ ပြန်ဆုတ်ခွာချိန်၌ ပြည်သူအချို့က ပိတ်ဆိုနေသောကြောင့် မတတ်သာပဲ လူငယ်များက သေနတ်ပြ၍ အနည်းငယ်အော်ဟစ်ပြီး လမ်းရှင်းခိုင်းခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် ကာယကံရှင် ပြည်သူများကို ၎င်းတို့အဖွဲ့က အနူးအညွတ်တောင်းပန်ထားကာ ယခုကဲ့သို့ ဖြစ်စဉ်များကြုံကြိုက်လာပါကလည်း နားလည်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

ယခု အပစ်ခံရသည့် ဗိုလ်မှူးကုဋေဖြိုးအောင်မှာ စစ်ကောင်စီမှ ခန့်အပ်ထားသည့် လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဖြစ်သည်။

၎င်းသည် မြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ကာ လူငယ်များစွာ ပစ်ခတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူခံရခြင်းတို့အတွက် အဓိကတရားခံတစ်ဦးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကုဋေဖြိုးအောင်မှာ DSA အပတ်စဉ် (၄၈) ဆင်း ရုရှားပြန် အရာရှိတစ်ဦးဖြစ်ကာ ယခင်က တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်) နှင့် တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တို့တွင်တာဝန်ကျခဲ့သူဖြစ်သည်။

၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းလွှတ်တော်၌ တပ်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ 

တော်လှန်ရေးအဖွဲ့များက ရန်ကုန်၌ ပျံလွှားအောင်စစ်ဆင်ရေးကို အဆုံးသတ်ပြီးနောက် ယနေ့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ၏ အရာရှိကြီးများရှိသည့်နေရာနှင့် ဗိုလ်မှူးအဆင့်ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။


Lu Nge Khit

ဧပြီ (၁၀)ညနေ ရန်ကုန်၌ နန်းထိုက်အောင် စစ်ဆင်ရေးထပ်မံပြုလုပ်၊ ဗိုလ်မှူးတစ်ဦး အနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေ ဧပြီ (၁၀)ညနေ ရန်ကုန်၌ နန်းထိုက်အောင် စစ်ဆင်ရေးထပ်မံပြုလုပ်၊ ဗိုလ်မှူးတစ်ဦး အနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေ Reviewed by THITHTOOLWIN on 04:09 Rating: 5

No comments:

Powered by Blogger.