မန္တလေး၊ ဧပြီ (၂၇)
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ကိုဇော်ဇော်အောင်၏ အကိုဖြစ်သူကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့အလောင်းကို လာရောက်စွန့်ပစ်သွားကြောင်း နီးစပ်သူများထံက သိရသည်။
ကိုဇော်ဇော်အောင်၏အကို ကိုဖုန်းမြင့်မိုး (ခ) ကိုမိုးကြီးဆိုသူကို ဧပြီလ (၂၅) ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ယနေ့ (၂၆) လမ်း သင်္ဂဇာချောင်းအနီး အလောင်းစွန့်ပစ်သွားခြင်း ဖြစ်သည်ဟုဆိုကြသည်။
ကိုမိုးကြီးသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး တွင်ခုံလုပ်ငန်းလုပ်ကိုင်သူဟု သိရသည်။
၎င်းကို ဧပြီလ (၂၅) ရက် ညပိုင်းက ဘီယာဆိုင်တစ်ခု၌ စစ်တပ်ကအရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"ပါသွားတယ်ဆိုကတည်းက စိတ်ပူနေတာ။ သူ့ဟာသူနေတဲ့လူဗျာ။ သက်သက်မဲ့ ဖမ်းသတ်ပစ်လိုက်ကြတာ။"ဟု အဆိုပါနီးစပ်သူက ပြောသည်။
မန္တလေး၌ စစ်တပ်က သွေးသောက်အဖွဲ့အမည်ခံကာ ပြည်သူများကို ဆက်တိုက်ဖမ်းဆီးသတ်ဖြတ်နေပြီး ဧပြီလတတိယအပတ်တွင်း ပြည်သူ (၅) ဦးထိ သတ်ဖြတ်ခံထားရသည်။
သေဆုံးသူအများစုသည် ထိုးကြိတ်ရိုက်နှက်ဒဏ်ရာများအပြင် သေနတ်ဖြင့်ပါအပစ်ခံထားရကာ စစ်တပ်က အလောင်းများ၌ သွေးသောက်အဖွဲ့လည်ဆွဲကဒ်ကိုပါ ချိတ်ဆွဲခဲ့သည်။
Lu Nge Khit
No comments:
Post a Comment