ဧပြီ - ၉
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းရွာက စကစနှင့် ပျူအုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် နဂါးစစ်သည်တော်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု အနည်းဆုံး သုံးဦး သေတယ်လို့ ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် - Myanmar's Royal Dragon Army(M.R.D.A) က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဧပြီ(၇)ရက်၊ မနက်(၁၀)နာရီခွဲ လောက်က ပုလဲမြို့နယ် ဇီးဖြူကုန်းရွာထဲက စကစနှင့် ပျူအုပ်စုဟာ အနီးအနားရွာတွေက ဒေသခံပြည်သူတွေရဲ့ ပဲတွေကို ခိုးယူလုယက်နေချိန်မှာ နဂါးစစ်သည်တော်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဇီးဖြူကုန်းရွာ စခဂုတ်ကျားနှင့် ပျူစောထီးစခန်းမှ ရွာအပြင်ထွက်၍ ပြည်သူ့လယ်ယာများမှ ပဲများကို လှည်းပေါ်သို့ တင်နေသော စခဂုတ်ကျားနှင့် ပျူစောထီးအဖွဲ့ဝင်များကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခဂုတ်ကျားဖက်အဖွဲ့မှ အနည်းဆုံး သုံးကောင် ကျဆုံးသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပါသည်။ လက်နက်ရယူရန် ကြိုးစားသော်လည်း ဇီးဖြူကုန်းရွာ ပျူစခန်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် နဂါးစစ်သည်တော်များမှ ပြန်လည်ဆုတ်ခွာခဲ့ပါသည်” လို့ MRDA က ဖော်ပြပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)မှ နဂါးစစ်သည်တော်တွေ အထိခိုက် မရှိဘဲ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပုလဲမြို့နယ် ဇီးဖြူကုန်းနှင့် အင်းမထီးရွာက ဒေသခံတွေကို ပျူစောထီးတွေအဖြစ် လက်သပ် မွေးထားပြီး လက်နက်နှင့် ရိက္ခာထောက်ပံ့ကာ အဲ့ဒီရွာတွေမှာ ပျူစောထီး စခန်းတွေ ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီရွာက စကစနှင့် ပျူအုပ်စုဟာ အနီးအနားက ရွာတွေကို အကြမ်းဖက်စီးနင်းပြီး အနိုင်ကျင့်နှိပ်စက် သတ်ဖြတ်တာ၊ ဓားပြတိုက်လုယက်ခိုးယူတာ၊ နေအိမ်မီးရှို့တာတွေ မကြာခဏ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment