အောင်ပန်းမြို့ ပန်းပဲလုပ် အိမ်ရှင်ကိုရှာမတွေ့ ဘေးအိမ်မှ အမျိုးသမီးကို စစ်ကောင်စီ မှ ပါးရိုက်သွား/ ရာအိမ်မှူးတစ်ယောက် အဖမ်းခံရ
ဧပြီလ ၂၇
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ပန်းပဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦး နှင့် ၎င်း၏ညီမကို ဖမ်းဆီးရန် စစ်ကောင်စီမှ အကြိမ်ကြိမ်လာရှာသော်လည်း ရှာမတွေ့သဖြင့် ဘေးအိမ်မှ ချောင်းကြည့်သည့် အမျိုးသမီးတစ်ဦးကို ရိုက်နှက်သွားကြောင်း သတင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ ည ၁၀ နာရီကျော် ဝန်းကျင်တွင် အောင်ပန်းမြို့ ရွာငံစု ရပ်ကွက်ရှိ ပန်းပဲလုပ်ငန်း လုပ်ကိုင်သည့် အိမ်ရှင်အမျိုးသားနှင့် ညီမဖြစ်သူကို ဖမ်းဆီးရန်လာသည့် စစ်ကောင်စီသည် ဘေးအိမ်မှ အမျိုးသမီးကို ရိုက်နှက်သွားပြီး အပြန်လမ်းတွင် ရာအိမ်မှူးကိုလည်း ဖမ်းသွားကြောင်း ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီအိမ်ကို စစ်ကောင်စီတွေလာရှာတာ ငါးကြိမ်လောက်ရှိနေပြီ၊ အိမ်ရှင်တွေက ရှောင်နေကြတာလေ၊ အဲ့ဒါ မနေ့ကလည်း လာရှာတယ်၊ ဘေးအိမ်က အမျိုးသမီးက ချောင်းကြည့်နေတာ တွေ့သွားပြီး အဲ့အမျိုးသမီးကို ပါးရိုက်သွားတယ်၊ ပြီးတော့ သူတို့အပြန်လမ်းမှာတွေ့တဲ့ ရာအိမ်မှူးကိုလည်း ညအပြင်ထွက်လို့ ဆိုပြီး ဖမ်းသွားတယ်” ဟု ရွာငံစုရပ်ကွက်မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီတပ်သားတို့ ဖမ်းဆီးရန်လာရှာသည့် ပန်းပဲလုပ်ငန်းမှ အမျိုးသားနှင့် ညီမဖြစ်သူတို့သည် ပြီးခဲ့သည့် အောင်ပန်းမြို့တွင်း ဆန္ဒပြမှုများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူငယ်များ လိုအပ်သည့် ပန်းပဲဆိုင်ရာ equipment များကို ကူညီထောက်ပံ့ပေးခဲ့သဖြင့် အပူတပြင်း ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က အဲ့လိုမျိုးတွေကူညီဖူးတာရှိတော့ အခုလည်း ဒီလက်လုပ်သေနတ်တွေ လက်လုပ်မှိုင်းတွေကို သူတို့လုပ် ပေးနေတယ်လို့ ဒီက စကစတွေထင်နေကြတာ၊ အဲ့ကြောင့်သူတို့အိမ်ကို အခါခါလာရှာတယ်၊ ဒါပေမဲ့ သူတို့ရှောင် သွားတာကြာနေပြီ” ဟု ၎င်းတို့နှင့် ရင်းနှီးသည့် အမည်မဖော်လိုသူ အောင်ပန်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။
ထို့အပြင် ညနက်ချိန် အပြင်ထွက်သဖြင့် ဖမ်းဆီးခံထားရသည့် အောင်ပန်းမြို့ ရွာငံစုရပ်ကွက်မှ ရာအိမ်မှူးကို လည်း ပိုက်ဆံဖြင့် လာရောက်ရွေးထုတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် စစ်ကောင်စီ တပ်သားတို့ ပြောဆိုကြောင်း သိရသည်။
လက်ရှိအချိန်တွင် အောင်ပန်းမြို့ အတွင်း၌ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုများ မရှိသော်လည်း စစ်တပ်ထောက်ခံသူများနှင့် ဆက်စပ်ပက်သက်သည့် ဌာနများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သတိပေး တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီတို့မှ လမ်းသွားလမ်းလာ ပြည်သူများနှင့် ရပ်ကွက်နေ ပြည်သူလူထု များကို စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ သံသယမှုဖြင့် ဖမ်းဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များဖြင့် ပြည်သူ များကို ဆက်ဆံနေကြောင်းလည်း ဒေသခံများက ပြောသည်။
SHAN News (Burmese Version)
No comments:
Post a Comment