ဆနင်းတောင်ကြောတစ်လျှောက် စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ


ဧပြီ ၂၅ ရက် ၂၀၂၂ 

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ဆနင်းတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီတပ်သားတို့မှ အင်အား အများအပြားဖြည့်တင်းနေသဖြင့် ဒေသခံများတချို့ ကြောက်လန့်ကာထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ 

ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ရှိနေသည့် ဆနင်းတောင်ကြော နှင့် အနီးပတ်ဝန်းကျင်များသို့ စစ်ကောင်စီ အင်အားဖြည့်တင်း တိုးချဲ့မှုများ ပြုလုပ်နေခဲ့ကြောင်း သတင်းသိရသည်။ 

ယင်းကဲ့သို့ အင်အားဖြည့်တင်းမှုများ ရှိနေသည့်အတွက် စစ်ရေးထိတွေ့ပစ်ခတ်မှုများ မရှိသေးသော်လည်း ဒေသခံတချို့က ကြောက်လန့်ကာ ပင်လုံမြို့ပေါ်နှင့် တခြားဒေသရှိ အမျိုးများထံသို့ တိမ်းရှောင်ထွက်ပြေး နေကြောင်း ဆနင်းဒေသမှ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်က အင်အားတွေ တိုးတိုးလာတာရှိတယ်၊ ပြီးတော့ ဒီဆနင်းတောင်ကြောမှာ ရှိတယ် လွယ်မုံ၊ လွယ်မိုင်၊ ပန်ပွဲစား (ဒေသအခေါ်များ) စတဲ့ ဒီနေရာတွေအထိကို တိုးလာတယ်၊ ဒီနေရာတွေက SSPP/SSA လည်း ရှိတဲ့နေရာတွေပေါ့နော်၊ အခုထိတော့ ပစ်ခတ်မှုမရှိကြသေးဘူး၊ တချို့ရွာသားတွေတော့ ကြိုတင်တိမ်းရှောင်နေ တာမျိုးတွေရှိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပင်လုံမြို့ပေါ်သို့ ကြိုတင်တိမ်းရှောင်နေကြသူများအနက် ပန်ဟူကျေးရွာအုပ်စုနှင့် ဆနင်းကျေးရွာအုပ်စုတို့မှ ဒေသခံများ ဖြစ်ကြပြီး တချို့သည် ခြံယာအလုပ်များ ပြစ်ပယ်ထားရပြီး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဒေသခံများ တိမ်းရှောင်ထွက်ပြေးနေရခြင်းနှင့် ပက်သက်ပြီး ဆနင်းဒေသအတွင်းမှ ရပ်ကျေးတာဝန်ရှိ သူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှု အဆက်မပြတ်ရှိနေသော်လည်း ထိတွေ့မှုမရှိသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကလည်း စစ်ကောင်စီ ဘက်က အယောက် ၃၀၀ လောက်ထပ်ရောက်လာတယ်၊ ဒါပေမဲ့ မြောက်ပိုင်းဘက် ကလည်း (SSPP/SSA) အခြေအနေကြည့်နေသေးလို့လားမပြောတတ်ဘူး၊ အခုဆို အရမ်းနီးတဲ့ အနေအထား ဖြစ်ပေမဲ့ ပစ်ခတ်မှုတွေမရှိသေးဘူး” ဟု ၎င်းက ပြောသည်။ 

ထို့အပြင် လက်ရှိ မြေပြင်အနေအထားအရ တိုက်ပွဲဖြစ်ပွားမှု မရှိသေးသည့်အတွက် တိမ်းရှောင်နေသည့် ပြည်သူ များ အနေဖြင့်လည်း နေအိမ်သို့ပြန်လာလိုပါက ပြန်လာနိုင်ကြောင်း နှင့် မိမိတို့ လယ်ယာခြံလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်နိုင်ကြောင်း အထက်ပါ ရပ်ကျေးတာဝန်ရှိသူက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သောအဖွဲ့နှင့် ဒုတိယဥက္ကဌ (၂) စဝ်ခွန်ဆိုင် ဦးဆောင်သော SSPP/SSA တို့ တွေ့ဆုံဆွေးနွေးချိန်တွင် ဆနင်းတောင်ကြောရှိ SSPP/SSA တပ်ဖွဲ့များ ဆုတ်ခွာရန် ပြောဆိုမှုကို လက်မခံရာမှ ယခုလို စစ်အင်အားတိုးချဲ့ မှုတွေ ဖြစ်လာကြောင်း သိရသည်။


SHAN News (Burmese Version) 

ဆနင်းတောင်ကြောတစ်လျှောက် စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ ဆနင်းတောင်ကြောတစ်လျှောက် စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.