မဲခေါင်၊ ဧပြီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲပူးပေါင်းစစ်ဆေးဂိတ်သည် ယမန်နေ့ဧပြီလ ၄ ရက်၊ ညနေပိုင်းအချိန်က ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပင်းတယ-ဘော်ဆိုင်း-ဟဲဟိုးလမ်းမကြီး၊ ပင်းတယမြို့အဝင် ရွာငယ်ရပ်ကွက်ရှိ တံတားတွင် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်အား လူတစ်စုမှ ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"မနေ့ညနေ ၃ နာရီမထိုးခင်လောက်က ဖြစ်သွားတာ။ ပစ်ခတ်သံတွေကြားလိုက်ရတယ်။ ဆိုင်ကယ်နဲ့ လာပစ်တာလို့ပြောတယ်။ စစ်တပ်က ၂ ယောက်ထိသွားတာ၊ အိမ်စီးကားနဲ့တင်ခေါ်သွားတယ်။ သေလား၊ ရှင်လားတော့ အခုထိမသိရသေးဘူး" ဟု ၎င်းကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်ပြီး မည်သည့်အဖွဲ့မှလုပ်ဆောင်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်အသိပေးခြင်းမရှိေသးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးချေ။
ပင်းတယမြို့နယ်သည် စစ်တပ်အခြေစိုက်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်မရှိသည့် ဓနုဒေသဖြစ်သော်လည်း ယခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းကာလမှစတင်၍ တော်လှန်ရေးလှုပ်ရှားမှုများ တဖြည်းဖြည်းများပြားလာနေသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment