ဝက်လက်နယ်က ရေကြောင်းရဲကင်းကို စီးနင်းသိမ်းပိုက်၊ စကစ နှစ်ဦးသေ၊ သုံးဦး အရှင်မိကာ သေနတ်နှစ်လက် သိမ်းယူရရှိ
ဧပြီ - ၁၆
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ အင်ဒေါင်းရေကြောင်းရဲကင်းကို မနေ့က ဧပြီ(၁၅)ရက် ညဦးပိုင်းအချိန် စီးနင်းဝင်ရောက် တိုက်ခိုက်သိမ်းပိုက် ခဲ့ရာမှာ စကစ နှစ်ဦးသေ၊ သုံးဦး အရှင်ဖမ်းမိပြီး သေနတ်နှစ်လက် သိမ်းပိုက် ရရှိခဲ့တယ်လို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သင်္ကြန်အကျနေ့ဖြစ်တဲ့ ဧပြီ(၁၅)ရက် မနေ့က ည(၈)နာရီခွဲ ဝန်းကျင်က ဝက်လက်မြို့နယ်၊ အင်ဒေါင်း ကျေးရွာအနီးက ဧရာဝတီမြစ် ရေကြောင်းရဲကင်းရုံးကို တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး တော်လှန်ရေး ညီနောင်တွေဖြစ်တဲ့ ဗိုလ်ကျား * ဝရစိန် အဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
“ခွေးနှစ်ကောင် သေဆုံးပြီး ၊ ဒုရဲအုပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦး အရှင်ဖမ်းမိ။ G -2၊ G -3 ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်။ တော်လှန်ရေးညီနောင်များ အထိခိုက်မရှိခဲ့ပေ” လို့ တော်ကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဝက်လက်နယ်ထဲ သံချပ်ကာကားတွေ၊ ရဟတ်ယာဉ်၊လေယာဉ်တွေ အသုံးပြုကာ စစ်ကြောင်းထိုးနေပြီး ရွာစဉ်ပတ်မွှေ အကြမ်းဖက် စီးနင်းကာ လူသတ်၊ ဓားပြတိုက်လုပ်ယက်၊ နေအိမ်မီးရှို့ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment