ပေါင်းတည်၊ ဧပြီ၁၆၊ ၂၀၂၂။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာကနေ လဲပင်ရွာကို အခြေကုတ်ပြန်ယူဖို့ တက်လာတဲ့ စစ်ကြောင်းကို ငါးရှည့်ကွင်းရွာအနီးမှာ ပြည်ခရိုင် PDF တပ်ရင်း၃၆၀၁၊ တပ်ခွဲ၁ က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လှည်းပေါ်မှာ လက်နက်ကြီးတွေတင်ပြီး နောက်ကနေ အင်အား ၆၀ ဝန်းကျင်နဲ့ တက်လာတဲ့ စစ်ကြောင်းကို ဒီနေ့ နေ့လယ် ၂နာရီခွဲလောက်က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
" စခ ၅ကောင် အနည်းဆုံးသေပါတယ်၊ ဒဏ်ရါရတာတွေလည်း ရှိပါတယ်၊ သူတို့ မိုင်းကွင်းထဲ တည့်တည့် ဝင်လာတာပါ၊ လှည်းနောက်မှာ ကပ်ပြီးလိုက်လာတဲ့ စစ်ကြောင်းထိတာပါ" လို့ ပြောပါတယ်။
မနေ့က လဲပင်ရွာကို PDF တွေဝင်တိုက်ခံရလို့ ဒီနေ့မှာ စစ်ကူအနေနဲ့ လဲပင်မှာ ပြန်ပြီး အခြေကုတ်ယူနိုင်ဖို့ အတွက် တက်လာခဲ့တာဖြစ်ပေမယ့် လမ်းမှာ မိုင်းဆွဲခံရလို့ လဲပင်ရွာကို ဒီနေ့ ည ၇နာရီအချိန်အထိတော့ မရောက်သေးဘူးလို့
သိရပါတယ်။
" အခုက စစ်ကူမဟုတ်ဘူး၊ မနေ့ညက မီးရှို့ပြီး ပြန်ဆုတ်သွားကြတယ်၊ အင်အား၆၀ ကျော် လက်နက်ကြီးတွေပါသယ်ပြီး တက်လာတာ၊ ပစ်တာမပါ ပါဘူး၊ အင်အားချင်းမမျှတော့ မိုင်းဆွဲပြီး ပြေးတာပါ။ မိုင်းက ၂လုံး ညှပ်ဆွဲတာ။
သူတို့ဖက်က ရမ်းသမ်းပစ်တာတော့ ရှိတယ်" လို့ ပြောပါတယ်။
လဲပင်ကျေးရွာဟာ ပဲခူးရိုးမအစပ်မှာ ရှိတဲ့ ရွာတရွာဖြစ်ပြီး စစ်ကောင်စီက မီး ၂ကြိမ်ရှို့ခံထားရတဲ့ ရွာဖြစ်တဲ့ အပြင် လက်ရှိအချိန်အထိ ဒေသခံတွေ ရွာထဲမှာ ပြန်နေခွင့်မရသေးသလို စစ်ကောင်စီက တပ်စွဲထားတဲ့ ရွာ တရွာဖြစ်ပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment