ပခုက္ကူ၊ ဧပြီ ၅၊ ၂၀၂၂။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအမျိုးသမီးတဦး ဧပြီ ၅ ရက် ဒီကနေ့မနက် ၇ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရတဲ့သူဟာ ဒေါ်တင်တင်ရီဆိုသူဖြစ်ပြီး၊ ပခုက္ကူမြို့နယ် မြို့နယ်ပညာရေးမှူးတဦးဖြစ်ကာ အမှတ် ၁၃ ရပ်ကွက်အတွင်းမှာ ပစ်သတ်ခံခဲ့ရတာလို့ ပခုက္ကူမြို့နယ်ပညာရေးအသိုင်းအဝိုင်းထံကသိရပါတယ်။
'' ဒီမနက် ၇ ခွဲလောက်မှာ ပစ်သတ်သွားတာ။ ဆိုင်ကယ်နဲ့လူနှစ်ယောက်ကပစ်တာလို့ သိရတယ်။ ဆရာမကြီးကနေရာမှာဘဲဆုံးတယ်'' လို့ ပခုက္ကူမြို့ နယ်က အတန်းပြဆရာမတဦးထံကသိရပါတယ်။
အဆိုပါ မြို့နယ်ပညာရေးမှူးဆရာမဟာ ယခုတက္ကသိုလ်ဝင်တန်းဖြေဆိုနေတဲ့ကာလအတွင်းမှာ မြို့နယ် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံတာတွေရှိတယ်လို့ ပခုက္ကူမြို့နယ်ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာထုတ်ပြန်တာမျိုးမရှိသေးသလို ဘာကြောင့် ပစ်သတ်ခံရတယ်ဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပခုက္ကူမြို့နယ်အတွင်းမှာတော့ ဒေသခံPDFများ လှုပ်ရှားနေသလို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေလည်း လက်နက်ကိုင်လှုပ်ရှားနေတာတွေရှိတယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment