ချောင်းဦး၊ ဧပြီ ၂၀၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းမိုင်းရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဧပြီ ၁၉ ရက် မနေ့က မနက် ၁၀ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
မုံရွာမြို့ဘက်ကနေ မန္တလေးဘက်ကိုခြေလျှင်တပ်လာတဲ့ စစ်ကောင်စီတပ်တွေက ချောင်းဦးမြို့နယ်၊ ရေပိုးစားရွာနဲ့ ဂွေးပင်တောရွာအကြားအရောက်မှာ PDF တွေထောင်ထားတဲ့ မိုင်းတွေကိုရှင်းလင်းပြီးနောက် ပြန်ထွက်ခွာမယ်အချိန်မှာ ကျန်ရှိနေတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ မြောင်မြို့နယ် ပကဖ CDSOM တာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ဘက်က လက်ကျန်မိုင်းတွေကို အပါမခံပဲ မိုင်းဆွဲလိုက်တယ်၊ တပြိုင်တည်းမှာပဲ တဖက်ပွင့် ၂ လုံး နဲ့ ပစ်တယ်၊ သူတို့ဘက်ကလည်း RPG နဲ့ ပြန်ထုတယ်၊ ကြာချိန်ကတော့ ၁ နာရီလောက်ကြာတယ်၊ “ လို့ သူကပြောပါတယ်။
ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့သိရပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
“ဒေသခံပြည်သူတွေရဲ့ မျက်မြင်သက်သေတွေပြောကြားချက်ကတော့ ၁၀ ကောင်ထက်မနည်းသေတယ်၊ ဒဏ်ရာရသူတွေကို လူနာကား ၂ စီးပေါ် ပစ်တင်သွားတယ်လို့ သိရတယ်၊ “ လို့ CDSOM တာဝန်ခံက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို မြောင်မြို့နယ် ပကဖ CDSOM၊ Chaung U Revolution Army (CRA)၊ Farmer Revolution Force CHU (FRF)၊ Black Eagle Defense Force – MMU နဲ့ ကန္တာရသိန်းငှက် အဖွဲ့တို့ က ပူးပေါင်းတိုက်ခိုက်တာလို့လည်း CDSOM က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဥ်မတိုင်ခင် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက် မနက် ၁ နာရီလောက်ကလည်း CDSOM နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး မြင်းခြံမြို့နယ်၊ ကန်နီကျေးရွာရှိ စစ်ကောင်စီထောက်တိုင် မိုင်တဲတာဝါတိုင်နဲ့ ဆက်သွယ်ရေးစက်တွေကို မိုင်းခွဲဖျက်ဆီးခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment