ကျောက်ဆည်၊ ဧပြီ ၁၉၊ ၂၀၂၂။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာနယ်မြေရဲစခန်းကို ဒီကနေ့မနက်အစောပိုင်းက အီနာဂါဗုံးသီး ၄ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်- KDDF က ထုတ်ပြန်ပါတယ်။
ရဲအင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီသံရွာနယ်မြေရဲ စခန်းကို KDDFနဲ့ ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမသိရပေမယ့် ရဲလိုင်းခန်းနေအိမ်တွေ မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။
"မနက် ၄ နာရီလောက်မှာ သွားပြီးတိုက်ခိုက်တာပါ။ အီနာဂါက သေနတ်ပြောင်းဝမှာတပ်ပြီးပစ်တဲ့ ဗုံးသီးပေါ့။ ဗုံးသီးကျတော့ ရဲလိုင်းခန်းတွေမှာ မီးလောင်နေတာတွေ့တယ်။ လူထိခိုက်မှုတော့ မသိရသေးဘူး" လို့ KDDF တာဝန်ခံ ကိုရာဇာမင်းက မြေလတ်အသံကို ပြောပါတယ်။
ရဲတွေဘက်ကလည်း သေနတ်နဲ့ အချက်ရေအများအပြား အတွဲလိုက်ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်တာမျိုးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလုပ်ဆောင်မှုကို ကျောက်ဆည် KDDF နဲ့အတူ မြစ်ငယ် Local PDF ၊ တပ်ကုန်း Local PDF နဲ့ LPDF-Sintgaing တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment