မန္တလေးမြို့ လမ်း(၉၀) ယာဉ်ထိန်းရုံး ဗုံးထု ခံရပြီး စကစ ရဲနှစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရ၊ စစ်အုပ်စုက ရမ်းကားပစ်ခတ်နေ
ပုံစာ - ဗုံးထုတိုက်ခိုက်ခံရတဲ့ မန္တလေးမြို့ လမ်း(၉၀)နှင့် လမ်း(၃၀)အနီးက ယာဉ်ထိန်းရုံး |
ဧပြီ - ၁၂
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း(၉၀)နှင့် လမ်း(၃၀)အနီးရှိ အမှတ်(၁၄) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး ဒီကနေ့ ညဦးပိုင်းမှာ ဗုံးထုတိုက်ခိုက်ခံရပြီး စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရတယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ ဧပြီ(၁၂)ရက် ည(၈)နာရီဝန်းကျင်မှာ ယာဉ်ထိန်းရုံး ဗုံးထုခံရတာ ဖြစ်ပြီး စစ်အုပ်စုက ရမ်းကား ပစ်ခတ်နေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
ယာဉ်ထိန်းရုံး ဗုံးထုခံရတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ ဒု-ရဲအုပ် သက်ထွန်းနောင် မှာ ခြေသလုံး ဖောက်ဝင်ဒဏ်ရာနှင့် တပ်သား ဇော်ခန့်ဝေမှာ ရင်ဘတ်ထိမှန် ဒဏ်ရာတွေ ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးလည်း ဝမ်းဗိုက်ရှပ်ထိ မစိုးရိမ်ရ ဒဏ်ရာရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံ မန္တလေး ယာဉ်ထိန်းရဲတွေ အပါအဝင် စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ စ်စဆေး ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ယခုရက်ပိုင်းအတွင်း မန္တလေးက ယာဉ်ထိန်းတွေဟာ လမ်းပေါ်မှာ သေနတ်တွေလွယ်ပြီး စကစတွေရဲ့ ခရီးစဉ်တွေမှာ လမ်းရှင်းပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment