မကွေးတိုင်း ယောနယ်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်၊ မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့မှုတွေပြုလုပ်နေ

ဓာတ်ပုံ - ဂန့်ဂေါ မြို့ နှမ်းခါးကျေးရွှာကို စစ်ကောင်စီ တပ်ဖွဲ့တွေက နေအိမ်တွေ မီးရှို့ထားပုံ။ (Photo: Supplied) 

ဧပြီ ၅ ရက်နေ့ ၊၂၀၂၂

မကွေတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်ကာင်စီတပ်က အကြမ်းဖက်မှု၊ မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့၊ လုယက်ဖျက်ဆီး စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဦးဆောင်ကာ နောက်လိုက် လက်ဝေခံ ပျူစောထီးတွေ‌စုစည်းပြီး မတ်လ ၁၈ ရက်နေ့ကတည်းက နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ကျေးရွာတွေကို ရွာစဉ်ထိုးဝင်ရောက် စစ်ကြောင်းထိုးနေတာပါ။ 

နှစ်ပတ်ကျော်ကာလအတွင်း ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းဝင်ရောက်ခဲ့ပြီး ပြည်သူတွေ‌မွေးမြူထားတဲ့  ကြက်၊ ဝက်၊ နွား၊ ဘဲ  စတာတွေကို အဓမ္မ ဖမ်းယူစားသောက်ခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ 

ဧပြီလ ၄ ရက်နေ့ကလည်း ဂန့်ဂေါ-ကလေး လမ်းပေါ်ရှိ ထယ်လှော်ရွာကို ဝင်ရောက်ကာ တောသွားတဲ့ သားအဖနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဖခင်ဖြစ်သူကို လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက် သတ်ဖြတ်မီးရှို့ခဲ့သလို အရွယ်မရောက်သေးတဲ့ သမီးဖြစ်သူကိုလည်း အဓမ္မမုဒိမ်းကျင့်ကာ သတ်ဖြတ် မီးရှို့ခဲ့ပါတယ်။ 

"စကစက ဂန့်ဂေါမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတာ နှစ်ပတ်ကျော်ပြီ အဓိကတော့ မြစ်သာမြစ်ဗဟိုပြုပြီး မြစ်ဘေးဝဲယာက ရွာတွေကို ဝင်တယ် အိမ်တွေ၊ တောတဲတွေ၊ လယ်ယာသုံးပစ္စည်းတွေ၊ ယာဉ်အမျိုးမျိုးတွေ မီးရှို့ ဖျက်ဆီးခဲ့တယ်" လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

"ခိုင်းနွားတွေအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်တယ်။ ဒီနေ့ (မတ်လ ၄ ရက်နေ့) ဆိုလည်း ထယ်လှော်ရွာမှာ သားအဖနှစ်ယောက် တောသွားရင်းတွေ့လို့ အဖမ်းခံရပြီး အသတ်ခံရတယ်။ ဖအေက အသက် ၅၀ ဝန်းကျင်၊ သမီးက အခုမှ ၁၆ နှစ်ပဲ ရှိသေးတယ်။ မုဒိမ်းကျင့် အသတ်ခံရတယ်။ အိမ်နှစ်လုံးလည်း မီးရှို့ဖျက်ဆီးသွားတယ်။ လက်ရှိတော့ စစ်ကြောင်းက ဂန့်ဂေါဖက်ကို ဦးတည်နေတယ်။ ကျန်သေးတဲ့ရွာတွေ ဘယ်လောက်ထိ ဖျက်ဆီးခံရဦးမယ်မသိသေးဘူး" လို့ အဆိုပါ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ရှိသူက ပြောပါတယ်။ 

ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တွေကို စစ်ကောင်စီအကြမ်းဖက်တပ်က စစ်ကြောင်းတွေခွဲကာ နယ်မြေရှင်းလင်းရေးအကြောင်းပြချက်နဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း NUG ရဲ့ အနောက်ပိုင်းတိုင်းကမ့်ကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီအကြမ်းဖက်တပ်က စစ်ဗျူဟာတွေ ပြောင်းလဲလာတယ်လို့လည်း ဆိုပါတယ်။

"အရင်က သုံးနေတဲ့ ဗျူဟာမျိုးမဟုတ်တော့ဘူး၊ အခုက ရွာတွေ၊ တောတွေထဲကို တပြိုင်နက်ထဲဝင်လာတယ် နောက်ပြီး ကားလမ်းကို သိပ်အသုံးမပြုတော့ဘူး၊ ခြံခတ်တဲ့ပုံစံမျိုးပေါ့။ ချောင်ပိတ်တဲ့သဘောမျိုး။ သူတို့ကို ဆန့်ကျင်တိုက်ထုတ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ လှုပ်ရှားနယ်မြေကျဉ်းအောင် လုပ်လာတယ်။ ဝင်လမ်းထွက်လမ်းပိတ်တယ်။ ဆက်သွယ်ရေးတွေ ဖြတ်တယ်" လို့ YPDF တာဝန်ရှိသူက ပြောပါတယ်။ 

"နောက်ပြီး သူတို့ရဲ့ ပြည်သူ့စစ်မဟာဗျူဟာအရ ရွာတွေကိုဝင်ပြီး ပျူရွာတွေဖြစ်အောင် အရွယ်ရောက်ပြီးတိုင်း ပျူစောထီးသင်တန်းတက်ရမယ်ဆိုတာတွေ လုပ်လာတယ်။ အဲလိုနည်းနဲ့ ရန်သူကတော့ လှုပ်ရှားမှုတွေ ပြောင်းလဲလာတာတွေ့ရတယ်" လို့  အဆိုပါ YPDF တာဝန်ရှိသူက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကြောင်းက ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်း၊ ထီးလင်းဖက်ကနေ ဂန့်ဂေါဖက်ကိုဦးတည်လာနေတဲ့ စစ်ကြောင်း တစ်ကြောင်း၊ ဟားခါးဖက်ကနေ ဂန့်ဂေါဖက်ကို ဆင်းလာနေတဲ့ စစ်ကြောင်းတစ်ကြောင်းတို့ ရှိနေပြီး စုစုပေါင်း ခန့်မှန်းအင်အား ၅၀၀ ဝန်းကျင်ရှိမယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ထိထိရောက်ရောက် ဟန့်တား တိုက်ထုတ်နိုင်ဖို့ လက်နက်ခဲယမ်း ငွေကြေးကအစ လိုအပ်နေသလို ဒေသတွင်း အဖွဲ့အစည်းတွေလည်း ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ရှိသူက ပြောပါတယ်။ 

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အပါအဝင် လောင်းရှည်၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ စတဲ့ ဒေသတွေက PDF တွေ စုပေါင်းပြီး Yaw Region PDF's Alliance (YRPA) ဆိုပြီး ဖွဲ့စည်းကာ ဒေသတွင်း ထိရောက်တဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။


Salween Press

မကွေးတိုင်း ယောနယ်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်၊ မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့မှုတွေပြုလုပ်နေ မကွေးတိုင်း ယောနယ်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်၊ မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့မှုတွေပြုလုပ်နေ Reviewed by THITHTOOLWIN on 19:43 Rating: 5

No comments:

Powered by Blogger.