ရွှေဘို မြင်းစီးရွာက ပျူအဖွဲ့ကို တိုက်ခိုက်သုတ်သင်မှု စကစ ဗိုလ်တစ်ဦးနှင့် ပျူနှစ်ဦးသေ၊ သေနတ် သုံးလက် သိမ်းပိုက်ရရှိ၊
ပုံစာ - ရွှေဘိုနယ် မြင်းစီးရွာက ဌေးအောင် ဦးဆောင်တဲ့ ပျူတွေလက်ထဲက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တချို့ |
ဧပြီ - ၁၄
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းစီးရွာမှာ အုပ်စုဖွဲ့ သောင်းကျန်းနေတဲ့ ဌေးအောင် ဦးဆောင်တဲ့ ပျူစောထီးတွေကို ဒီကနေ့ မနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အဲ့ဒီရွာထဲ ရောက်နေတဲ့ စကစ ဗိုလ်တစ်ဦးနှင့် ပျူစောထီး နှစ်ဦး၊ စုစုပေါင်း သုံးဦး သေပြီး သေနက်သုံးလက် သိမ်းပိုက် ရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဧပြီ(၁၄)ရက် မနက်(၆)နာရီလောက်က ShweBo Fighter One၊ One Day Revolution Force၊ Fighter Dargon၊ Lwgrs Hero Army Khin U စတဲ့ အဖွဲ့တွေ ပူးပေါင်းပြီး မြင်းစီးကျေးရွာထဲ စီးနင်းဝင်ရောက်ကာ ဌေးအောင်နှင့် ပျူအုပ်စုကို သုတ်သင်ရှင်းလင်း ခဲ့တာလို့ ဆိုပါတယ်။
မြင်းစီးရွာက ပျူခေါင်းဆောင် ဌေးအောင် ဆိုသူကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး အနီးအနားက သူတို့ရဲ့ မဟာမိတ် ပျူရွာဖြစ်တဲ့ တည်သီးတောရွာဘက် တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
မြင်းစီးရွာထဲက ပျူအုပ်စုကို တိုက်ခိုက်သုတ်သင်ရာမှာ (၁၅)မိနစ်လောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး သုံးဦးသေကာ မသေတဲ့ ဌေးအောင်နှင့် ပျူအဖွဲ့တွေ ထွက်ပြေးသွားတာလို့ Khin U People Defence Force - ခင်ဦး PDF ရဲဘော်က MFP ကို ပြောပါတယ်။
မြင်းစီးရွာဟာ ရွှေဘိုမြို့ရဲ့ အနောက်-မြောက်ဘက်မှာ တည်ရှိပြီး ဌေးအောင် ဦးဆောင်တဲ့ မြင်းစီးရွာက ပျူအုပ်စုဟာ စစ်အုပ်စုနှင့် ပေါင်းကာ ဒေသတွင်း ကျေးရွာတွေကို စီးနင်းဝင်ရောက်ပြီး ဓားပြတိုက်လုယက်တာ၊ နေအိမ်မီးရှို့တာ၊ လူသတ်တာ၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်တာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment