သင်္ကြန်အကျနေ့ ပုသိမ်ကြီးမြို့နယ်တွင် သုံးနေရာ ပေါက်ကွဲမှုများဖြစ်၊ မဟာအောင်မြေနှင့် မြင်းခြံ၌လည်း ပေါက်ကွဲခဲ့
မြင်းခြံမြို့မဏ္ဍပ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဆိုင်ကယ်/ ဓာတ်ပုံ - ပေးပို့ |
ဧပြီ - ၁၄
သင်္ကြန်အကျနေ့ ဧပြီလ (၁၄)ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်အတွင်း နေရာသုံးခု၌ ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
မနက် (၁၀)နာရီခွဲက ပုသိမ်ကြီးမြို့နယ် ဇီးချိုကုန်းကျေးရွာအုပ်စု ဇီးချိုကုန်းချောင်းဘောင်တွင် အသံမိုင်းကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မသိရသေးပါ။
မနက်( ၁၁)နာရီခွဲက ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရှင်တော်ကုန်း ကျေးရွာ၊ မန္တလေး-ရေတံခွန်တောင်ဂေါက်ကွင်းသွားလမ်းဘေး 'ခေတ်စားစား 'စားသောက်ဆိုင်ရှေ့ ခြံစည်းရိုးအနီးတွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မသိရသေးပါ။
မနက် (၁၁)နာရီခွဲက ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ မြကန်သာကျေးရွာအုပ်ချုပ်ရေးမှုးရုံးတွင် လက်လုပ်မိုင်းဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မသိရသေးပါ။
ယင်းအပြင် နေ့လယ် (၁)နာရီခွဲကလည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ သိပ္ပံလမ်း၊ ၆၆-၆၇ကြားရှိ တိုင်းဒေသကြီးအမျိုးသမီးရေးရာရုံး၌ တပ်စွဲထားသည့် စစ်အုပ်စုကို ဗုံးထုခံရပြီး ထိခိုက်မှု မသိရသေးပါ။
မြင်းခြံမြို့တွင်လည်း အမှတ် (၁၃) ရပ်ကွက်ရှိ ဗဟိုရေကစားမဏ္ဍပ်နှင့် မီတာ ၁၀၀ ခန့်အကွာ၊ ရေကြည်ချမ်းမြဆေးခန်းရှေ့လမ်းမပေါ်တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးက မိုင်းပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဟု ဒေသခံတို့က ဆိုသည်။
ထို့ပြင် စစ်အုပ်စုက ပြုလုပ်သည့်သင်္ကြန်ပွဲ ဆင်နွှဲရန် တာဝန်ပေးခံရသဖြင့် ထွက်လာသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်ယာဉ်တန်းကို ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင်ကျေးရွာအနိီး၌ ဗုံးထုခံရပြီး ယာဉ်တစ်စီးပျက်စီးကာ လူထိခိုက်မှုမရှိဟု သိရသည်။
အထက်ပါတိုက်ခိုက်မှုများကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Mandalay Free Press - MFP
No comments:
Post a Comment