မဲခေါင်၊ ဧပြီ ၂၈
တောင်ကြီးမြို့ အတက်လမ်း၌ ယနေ့ ဧပြီလ ၂၈ ရက်၊ နေ့လည်ပိုင်းက လူငယ်များကို Print ထုတ်ထားသည့် ဓာတ်ပုံစာရွက်များဖြင့် တိုက်ဆိုင်စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် လူငယ်များထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့က တောင်ကြီး-အေးသာယာအတက်လမ်းရှိ ထုံးဖိုစစ်ဆေးရေးဂိတ်နှင့် ပစောက်ကွေ့အနီးရှိ စစ်ဆေးသည့်နေရာတွင် လူငယ်များကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် လူငယ်တစ်ဦးက ပြောသည်။
"ဗလာစာအုပ်ဆိုဒ်လောက်ရှိတဲ့ ဓာတ်ပုံစာရွက်နဲ့ တိုက်စစ်နေတယ်။ လူငယ်ပိုင်းတွေကိုပဲ ရွေးစစ်နေတာ။ အရင်ကဆို ဘယ်ကလာတာလဲ၊ ဘယ်ကိုသွားမှာလဲလောက်ပဲ မေးတာ။ အခုက အေးသာယာကလာတာဆိုရင် ဘယ်ရပ်ကွက်၊ ဘယ်နယ်မြေမှာနေတာကအစ မေးနေတယ်။ Mask မတပ်ထားရင်လည်း ဆဲတယ်" ဟု ၎င်းကပြောသည်။
ထို့အပြင် ထုံးဖိုစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ကားများကိုပါ စစ်ဆေးနေပြီး ငွေကြေးတောင်းယူမှုများရှိနေသလို လိုင်စင်ရှိကားများ၏ ကားနံပါတ်၊ ယာဉ်မောင်းသူနာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာများကိုပါ တောင်းယူထားကြောင်း သိရသည်။
ထုံးဖိုစစ်ဆေးရေးဂိတ်သည် ကားများကို စစ်ဆေးသည့် နေရာဖြစ်ပြီး ပစောက်ကွေ့အနီးရှိ စစ်ဆေးသည့်နေရာသည် ဆိုင်ကယ်များကို စစ်ဆေးသည့် နေရာဖြစ်ကာ စစ်ဆေးနေသူများသည် အမြဲလိုလို အရက်သေစာသောက်စားမူးယစ်ထားကြောင်း ခရီးသွားပြည်သူများက ဆိုသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment