စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံး
သတင်း/ဓာတ်ပုံ- CJ |
ရွှေဖီမြေ၊ ဧပြီလ ၁၆ ရက်၊ ပေါက်
ဧပြီလ ၁၂ ရက်က မကွေးတိုင်း ပေါက်မြို့နယ် တံစူးကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေကိုလည်း ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၈ ဦးနဲ့ အမျိုးသားတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလဆန်းပိုင်းကတည်းက ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်တိုက်ခိုက်မှုနဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး တံစူးကျေးရွာအုပ်စုက တံစူး၊ လယ်ယာ၊ လက်ပံလှရွာတွေအပါအဝင် ကျေးရွာပေါင်း (၁၅)ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
“အကြိုနေ့မတိုင်ခင် တစ်ရက် ညနေပိုင်းကြီးဖြစ်တာဗျ။ လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်တာ။ အမျိုးသမီး ၇ ယောက် ပွဲချင်းပြီး သေသွားတယ်။ တခြားအမျိုးသမီးတစ်ယောက်နဲ့ သက်ကြီးအမျိုးသားတစ်ယောက် ဒဏ်ရာရတယ်။နောက်တော့ အဲဒီ ၂ ယောက်ပါ သေသွားတာဗျ” လို့ တံစူးရွာခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူ ၉ ဦးဟာ ဒေါ်သန်းစော၊ ဒေါ်တင်မိုးလှိုင်၊ ဒေါ်ဌေးဝ၊ ဒေါ်စန်းခွေး၊ မလှမျိုးနွယ်၊ မလှမျိုးကြွယ်၊ မခင်သန်းနု၊ မဇင်ဇင်အောင်နဲ့ ဦးမြင့်ပိုတို့ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ ယာယီတဲတွေအထိ လိုက်လံပစ်ခတ်မှုနဲ့ ထပ်မံ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ ရိက္ခာအဖြစ် စုဆောင်းထားတဲ့ စပါးတင်း (၄၀၀)ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရပြီး ရိက္ခာနဲ့ဆေးဝါး လိုအပ်ချက် အများအပြား ရှိနေတာကြောင့် လှူဒါန်းမှုတွေ ပြုလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment