အောင်လံမြို့ ကပစ ၁၅ တပ်မှာ သင်္ကြန်တွင်း စစ်ကောင် စီတပ်သားအချင်းချင်းရန်ဖြစ် ဓားနဲ့ထိုးလို့ ၁ ဦးသေဆုံး
ဓာတ်ပုံ - သေဆုံးသူ တပ်သား စွဲမက်အောင် |
ဧပြီလ ၁၈ ရက်
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမထုံးကျေးရွာအခြေ စိုက် အမှတ် ၁၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၅) တပ်မှာ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားအချင်းချင်းရန်ဖြစ်ကာ ဓားထိုးမှုဖြစ်လို့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်သူတချို့ထံက သိရပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်အတွင်း သင်္ကြန်မဏ္ဍပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး အောင်မိုး နဲ့ တပ်သား စွဲမက်အောင်တို့ အရက်မူးကခုန်ရာကနေ စကားများရန်ဖြစ်ခြင်းဖြစ်ပြီး တပ်ကြပ်ကြီး အောင်မိုးက တပ်သား စွဲမက်အောင်ကို ဓားနဲ့ထိုးလိုက်တာလို့ ဆိုပါတယ်။
'' ဖြစ်တာက အကြိုနေ့မနက်ပိုင်း မဏ္ဍပ်မှာစကားများ ရန် ဖြစ်တာကနေ လူကခွဲပြီးသွားပြီ။ တပ်ကြပ်ကြီး ကမကျေ နပ်လို့ အဲ့ဒီတပ်သား အိမ်ပြန်တဲ့လမ်းမှာ နောက်ကဓားနဲ့လိုက်ထိုးတာ။ ၃ ချက်ထိုးသွားတာ'' လို့ ကပစ ၁၅ တပ်နဲ့နီးစပ်တဲ့ ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဓားထိုးခံရတဲ့ တပ်သား စွဲမက်အောင်ကို စစ်ကောင်စီတပ် က ပြည်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ ဆောင်ကုသပေမယ့် သွေးထွက်လွန်ပြီးလမ်းမှာတင်သေဆုံးခဲ့တယ်လို့ သူကဆက်လက်ပြောပါတယ်။
အဆိုပါတပ်မှ ဓားထိုးလူသတ်မှုကျူးလွန်သူ တပ် ကြပ်ကြီး အောင်မိုးကို ဗဟိုကင်းအချုပ်တွင်ထား၍ စစ်ဘက်ခုံရုံးနဲ့စစ်ဆေးနေတယ်လို့ ကပစ ၁၅ တပ်နဲ့နီးစပ်တဲ့ သ တင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကပစ ၁၅ တပ်ဟာ အောင်လံမြို့မှာ မြို့နယ်စစ်ကောင်စီ အဖြစ်ဆောင်ရွက်နေတဲ့စစ်တပ်တခုဖြစ်တယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment