မြိုင်၊ ဧပြီ ၁၀၊ ၂၀၂၂။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း လမ်းသွားလမ်းလာပြည်သူတွေနဲ့ ဆီကားတွေဆီကနေ ပိုက်ဆံနဲ့ ရိက္ခာပစ္စည်းတွေတောင်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ဧပြီ ၁၀ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီတပ်သားတွေဟာ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေစခန်းမှာ တပ်စွဲနေထိုင်နေသူတွေဖြစ်ပြီး၊ ပိုက်ဆံတောင်းပြီးအပြန်မှာ မိုင်း ၄ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ခံကပြောပါတယ်။
“မိုင်းဆင်ထားတာတော့ အများကြီးပါ၊ ၄ လုံးလောက်ပဲဆွဲလိုက်တယ်၊ သူတို့ကလမ်းကြောကိုတက်ပြီး ဆီကားတွေဆီက ပိုက်ဆံလိုက်တောင်းတာ၊ ကျဆုံးကတော့ မသိရသေးဘူး၊ ၃ ကောင်လောက်ကတော့ ပွေ့ချီသွားကြတာပဲ၊” လို့ သူကပြောပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်း-၁ တပ်ခွဲ-၁ က တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ဒီကနေ့နေ့လည် ၁ နာရီလောက်မှာ မြိုင်မြို့နယ်၊ သက်ကယ်ကန်ရွာအနီး စစ်ကောင်စီတပ်သားတွေကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း မြိုင် - ဗဟင်းလမ်းကြားမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်သား ၄ ဦးသေဆုံးပြီး၊ ၃ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment