ကျောက်မဲမှာ နေအိမ် ၃ အိမ်ထဲ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဝင်ရောက်မွှေနှောက်ပြီး ငွေ ယူသွား


ရွှေဖီမြေ၊ ဧပြီလ ၅ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက်(၈)ရှိ အင်ကြင်းတောင်ဘက်မှာ နေအိမ် ၃ အိမ်ထဲကို လက်နက်အပြည့်အစုံ ကိုင်ဆောင်လာတဲ့ လူတစ်စုက အိမ်ဖောက်မွှေနှောက်ခဲ့ပြီး ငွေတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

မနေ့မနက် ၃ နာရီမှာ ဦးအိုက်ဝီး၊ အိမ်ငှားနေတဲ့ မိုင်းအိုက်လှိုင်နဲ့ လွေးအေးဟုန်း၊ ဦးအိုက်ကျန်နဲ့ မအေးဝင်းတို့ရဲ့ အိမ်တွေထဲ ဝင်ရောက်မွှေနှောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရပ်ကွက်နေ အမျိုးသားတစ်ဦးက “သူတို့က ဓားပြတိုက်တာလည်း မဟုတ်ဘူး။ လက်နက်အပြည့်အစုံနဲ့ အိမ်ရှင်တို့​ကိုခေါ်ပြီး တံခါးကို ကန်လိုက်တယ်။ သူတို့မျက်နှာလည်း မပြဘူး။ ဝင်ရောက်တာနဲ့ အိမ်ရှင်ရဲ့မျက်နှာကို ပုဆိုးနဲ့အုပ်ထားပြီး လက်ကိုအနောက်မှာ ချည်ထားလိုက်တယ်။ မူးယစ်ဆေးဝါး သုံးစွဲတယ်ပြောပြီး အကြောင်းပြတယ်။ ပြီးတော့ ဗမာစကားတွေပြောတယ်” လို့ ပြောပါတယ်။

ဝင်ရောက်မွှေနှောက်ခံရတဲ့ ဦးအိုက်ဝီးနေအိမ်ကတော့ ငွေ ၂ သိန်း၊ မိုင်းအိုက်လှိုင်နဲ့ လွေးအေးဟုန်း နေအိမ်မှ ငွေ ၄ သောင်း၊ ဦးအိုက်ကျန်နဲ့ မအေးဝင်းတို့ရဲ့ နေအိမ်ကတော့ ပါသွားတဲ့ ငွေ၊ ပစ္စည်းတွေ မသိရသေးပါဘူး။

နေအိမ်မွှေနှောက်ခံရတဲ့ အိမ်ငှား မိုင်းအိုက်လှိုင်နဲ့ ဦးအိုက်ကျန်တို့ဟာ ကြောက်ရွံ့ပြီး ဒီနေ့မှာ အခြားနေရာဘက်ကို ပြောင်းရွှေ့လိုက်တယ်လို့ ဆိုပါတယ်။

အိမ်ထဲ မွှေနှောက်ခံရတဲ့ ဦးအိုက်ဝီးက “ကျနော်က တောင်ပေါ်ဘက် ခဏပြန်တယ်။ အိမ်မှာ ဘယ်သူမှ မရှိဘူး။ ကျနော့် အိမ်တံခါးကို ရိုက်ချိုးပြီး အိမ်ထဲ ဝင်မွှေသွားတယ်။ ပိုက်ဆံနှစ်သိန်းတော့ ပါသွားပြီ။ ကျန်တာတော့ မသိရသေးဘူး။ ဒီနေ့မှ အိမ်ဘက် ပြန်ဆင်းမှာ” လို့ ပြောပါတယ်။

ကျောက်မဲ (၈)ရပ်ကွက်ဘက်မှာ အခုလို လက်နက်ကိုင်ဆောင်ပြီး နေအိမ်ထဲ ဝင်မွှေခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ နောက်နောင်လည်း အခုလိုဖြစ်မှာကို စိုးရိမ်ရတယ်လို့ ရပ်ကွက်ထဲမှာနေတဲ့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမြို့နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လူငယ်တွေကို မကြာခဏ လိုက်လံဖမ်းဆီးတာရှိပြီး သတ်ဖြတ်ခံရတဲ့သူတွေ ရှိသလို နေအိမ် ဝင်ရောက်ဖောက်ထွင်းခံရတာတွေလည်း ရှိနေပါတယ်။


Shwe Phee Myay News Agency 

ကျောက်မဲမှာ နေအိမ် ၃ အိမ်ထဲ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဝင်ရောက်မွှေနှောက်ပြီး ငွေ ယူသွား ကျောက်မဲမှာ နေအိမ် ၃ အိမ်ထဲ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဝင်ရောက်မွှေနှောက်ပြီး ငွေ ယူသွား Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.