ပေါက်၊ ဧပြီ ၂၅၊ ၂၀၂၂။
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ဧပြီ ၂၁ ရက် ကနေ ၂၃ ရက်အတွင်း မိုင်း ၇ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆိပ်ဖြူမြို့ဘက်ကလာတဲ့ အင်အား ၇၀ ပါ အဲ့ဒီတပ်တွေကို ဧပြီ ၂၁ ရက် ပေါက်မြို့နယ်၊ ကျွန်းပင်ရွာကို ဝင်ရောက်ချိန်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီနောက် သူတို့ရွေ့ပြောင်းသွားတဲ့ နေရာတွေထိပါ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့တာကြောင့် ၃ ရက်အတွင်း ပျူစောထီး ၇ ဦးလည်း သေဆုံးခဲ့တယ်လို့ PDF-Pauk တပ်ရင်း ၄ တပ်ခွဲမှူး နေသွေးက ပြောပါတယ်။
“၂၁ ရက်နေ့ကနေ့စတင်ပြီးတော့ ဆိပ်ဖြူကနေစစ်ကြောင်းက ပေါက်မြို့နယ် ကျွန်းပင်ရွာကိုဝင်လာတယ်၊အဲဒီမှာ ပထမဦးဆုံး ဘူဒိုဇာကား၊ ဖောကား အိမ်စီးကားတွေနဲ့ပေါ့၊ အဲဒီမှာပထမဆုံးအကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့တာပေါ့၊ အဲဒီကနေကျောင်းကုန်းရွာကို ထပ်တက်လာတယ်၊ အဲဒီမှာကျနော်တို့ မိုင်းနဲ့ထပ်ပြီးမှတိုက်ခိုက်တာပေါ့၊ ကျောင်းကုန်းနဲ့ကျွန်းပင်ရွာအကြားမှာမိုင်းခွဲခဲ့တယ်၊ သူတို့ကိုလာကြိုတဲ့ပျူစောထီးကားကိုလည်း ထိထိမိမိမိုင်းဆွဲလိုက်ရတယ်၊ ပျူ ၇ ကောင်သေတယ်၊ “ လို့ သူကပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ၃ ရက်အတွင်း ကျွန်းပင်၊ ကျောင်းကုန်း၊ ကျွန်းပင်၊ ထူးကြီး စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေခဲ့တာဖြစ်ပြီး၊ အဲ့ဒီကျေးရွာတွေအနီးမှာပဲ တိုက်မိုင်း၊ နင်းမိုင်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။
ဒါ့အပြင် အဲ့ဒီအဖွဲ့တွေဟာာ သူတို့စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ကားတွေပေါ်တင် ယူသွားတဲ့အပြင်၊ ကျောင်းကုန်းနဲ့ကျွန်းပင်ရွာအကြားက ကွမ်းခြံတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ တပ်ခွဲမှူး နေသွေးက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကို PDF- Pauk တပ်ရင်း ၄၊ King Fighter ၊ ချောက်၊ ဆိပ်ဖြူ နဲ့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment