ပုံစာ - သင်္ကြန်ကာလအတွင်း မုံရွာမြို့ပေါ်၌ အသံတိတ်သပိတ်နေ့ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေပုံ |
ဧပြီလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြင်ထွက်လျှင် ကြိမ်ဒဏ်ပေးမည်ဟု လိုက်လံကြေညာခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
" မုံရွာမြို့မှာ မနေ့ညပိုင်းကကော ဒီနေ့နံနက်ပိုင်းမှာကော စစ်ကောင်စီဟာ အပြင်ထွက်ရင် ကြိမ်ဒဏ်ပေးမယ်ဆိုပြီး မိုက်နဲ့အော်ဟစ် ကြေညာခဲ့တယ်လို့ ရပ်ကွက်အချို့က ပြည်သူတွေကပြောလာပါတယ် " ဟု မုံရွာပင်မသပိတ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသန်းကျော်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူများအပြင်မထွက်ရန် လိုက်လံကြေညာသည့်အပြင် စျေးများအတွင်းသို့လည်း အရပ်ဝတ်များဖြင့် လည်လှည့်နေသောကြောင့် တချို့စျေးဆိုင်များမှာ နံနက် ၉ နာရီကတည်းက ဆိုင်ပိတ်သိမ်းခဲ့ကြသည်ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
မုံရွာမြို့၌ ပြီးခဲ့သောသင်္ကြန်ကာလအတွင်း စစ်ကောင်စီက ကန်သာယာတွင် ရေကစားမဏ္ဍပ်ဆောက်လုပ်ပြီး ပြည်သူများ စည်စည်ကားကားဖြင့် ရေကစားကြရန် ကြိုတင်ပြင်ဆင်ခဲ့သော်လည်း ပြည်သူများက စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်ကို မုံရွာြပည်သူများကပါဝင်မဆင်နွှဲခဲ့ကြပေ။
ရေမကစားကြသည့်အပြင် လမ်းသွားလမ်းလာများပင်မရှိသလောက်နည်းပါးနေသည့်အတွက် အသံတိတ်သပိတ်နေ့များကဲ့သို့ပင် မြို့လမ်းမကြီးများတွင် သင်္ကြန်ကာလတစ်လျောက်လုံး တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်ဟု မုံရွာဒေသခံများထံမှ သိရသည်။
" ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုအနေနဲ့ အပြင်ကိုထွက်ရင် ဂရုတစိုက်ထွက်ကြဖို့လိုပါလိမ့်မယ်။ စကစဟာ မထင်မှတ်တဲ့ ယုတ်မာမှုတွေကို အချိန်မရွေးကျူးလွန်နိုင်လို့ပါ " ဟု ကိုကျော်သန်းဦးက သတိပေးပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင်အသံတိတ်သပိတ်ကာလများတွင်လည်း အသံတိတ်သပိတ်၌ ပါဝင်ခဲ့သည့်ပြည်သူများ၏ဆိုင်များကို ဖျက်ဆီးခြင်းများနှင့် အသံတိတ်သပိတ်အပြီး အပြင်ထွက်လာြကသည့် တချို့ပြည်သူများကို ရိုက်နှက်နှိပ်စက်ခြင်းများ ကျူးလွန်ခဲ့သည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment