ရန်ကုန်တွင် လေတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရ၊ မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှု စစ်ကောင်စီ ဖုံးကွယ်ရန်ကြိုးစားနေ


ရန်ကုန်၊ ဧပြီ ၉

ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်ဌာနချုပ်နှင့် မှော်ဘီလေတပ်တပ်ဆွယ် လေတပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့တွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ မှော်ဘီလေတပ်တိုက်ခိုက်ခံရမှုအား ဖုံးကွယ်ရန်ကြိုးစားနေကြောင်း လေတပ်အသိုင်းအဝိုင်းမှ သိရသည်။

ယနေ့နံနက်အစောပိုင်းက မင်္ဂလာဒုံ လေဆိပ်အနီးရှိ လေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးနှစ်လုံးဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တလုံးသည် လေတပ်ဝန်းအတွင်းရှိ ဘီစကစ်စက်ရုံ အနီးကျရောက်ခဲ့ပြီး တလုံးမှာ ပစ်မှတ်လွဲချော်ခဲ့သဖြင့် အနီးရှိ ရန်ကုန်မြို့တော်ဂေါက်ကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ 

အဆိုပါ ဂေါက်ကွင်းအတွင်းကျရောက်ပေါက်ကွဲမှုကြောင့် ဂေါက်ကွင်းအတွင်း ဂေါက်ရိုက်ကစားရန်ရောက်ရှိနေသည့် ခရိုနီအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောဆိုချက်များ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် သတင်းများထွက်ပေါ်ခဲ့သည်။ အဆိုပါ ထိခိုက်မှုနှင့်ပတ်သတ်ပြီး သီးခြားအတည်ပြုချက် မရရှိသေးပေ။

မင်္ဂလာဒုံလေတပ်ဝန်းပစ်ခတ်ခံရပြီးနောက် မှော်ဘီရှိ လေတပ်တပ်ဆွယ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြ‌ကြောင်း ဒေသခံများထံမှ သိရသည်။

နံနက် ၇ နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်မှုတွင် ဒုံးတလုံးသည် တိုက်ခိုက်ရေး လေယာဉ် YAK 130 နှင့် ရေဒါအဆောက်အဦအကြား ကျရောက်ပေါက်ကွဲခဲ့ပြီး MIG 29 များ ရပ်နားထားသည့်  အဆောက်အဦးအနီး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့‌သည်ဟု မှော်ဘီလေတပ်နှင့် နီးစပ်သူများက ဆိုသည်။ 

အဆိုပါ ၁၀၇ မမ ရှော့တိုက်ဒုံးများကို ပစ်ခတ်ခဲ့သည့် တော်လှန်ရေးအဖွဲ့ကို လူငယ့်ခေတ်အနေဖြင့် အတည်မပြုနိုင်သေးပဲ စုံစမ်းဆဲဖြစ်ပြီး အဆိုပါ မှော်ဘီလေတပ်တပ်ဆွယ်သည် တောင်ပိုင်းတိုင်းဒေသသို့ သွားရောက်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့် တိုက်ခိုက်ရေးလေယာဉ် MIG 29 နှင့် YAK 130 များ ထားရှိရာ နေရာဖြစ်သည်။

မှော်ဘီလေတပ်တပ်ဆွယ်ကို တိုက်ခိုက်ခံရပြီးပြီးချင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်ကိုယ်တိုင် ယူရိုကော်ပတာ ရဟတ်ယာဉ်ဖြင့် စီးနင်းကာ တောနင်းရှာဖွေမှု ပြုလုပ်ခဲ့ကြောင်း လေတပ်အသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

အဆိုပါ လေတပ်ဌာနနှစ်ခု တိုက်ခိုက်ခံရမှုကို စစ်ကောင်စီဘက်က မင်္ဂလာဒုံလေတပ်တိုက်ခိုက်မှုကိုသာ လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့် သတင်းလွှင့်ခဲ့ပြီး မှော်ဘီလေတပ်တပ်ဆွယ် တိုက်ခိုက်ခံရမှုကို ဖုံးကွယ်ထားနိုင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။

စစ်ကောင်စီ ဝါဒဖြန့်သူများက မပေါက်ကွဲသေးသည့် ၁၀၇မမ ရှော့တိုက်ဒုံးတခုကို လူမှုကွန်ယက်စာမျက်နှာများပေါ်သို့တင်ပြီး ဖော်ထုတ်နိုင်ကြောင်း သတင်းလွှင့်ခဲ့ရာ အဆိုပါ ၁၀၇မမ ဒုံးကျည်ပုံသည် ယမန်နှစ် အောက်တိုဘာလအတွင်းက ဇေကမ္ဘာဝန်းအတွင်းမှ မင်္ဂလာဒုံလေတပ်စခန်းအတွင်းပစ်ခတ်ခဲ့သည့် ဖြစ်စဉ်မှ တစ်လုံးသာဖြစ်ကြောင်း လေတပ် CDM စစ်သားတစ်ဦးက လူငယ့်ခေတ်သို့ အတည်ပြုသည်။

မှော်ဘီလေတပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း တော်လှန်ရေးတပ်ဖွဲ့များက အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲကာ လေယာဉ်များပျက်စီးအောင် ပြုလုပ်ခဲ့သေးသည်။


Lu Nge Khit

ရန်ကုန်တွင် လေတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရ၊ မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှု စစ်ကောင်စီ ဖုံးကွယ်ရန်ကြိုးစားနေ ရန်ကုန်တွင် လေတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရ၊ မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှု စစ်ကောင်စီ ဖုံးကွယ်ရန်ကြိုးစားနေ Reviewed by THITHTOOLWIN on 03:12 Rating: 5

No comments:

Powered by Blogger.