မုံရွာ၊ ဧပြီ ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မန္တလေး- မုံရွာ ကားလမ်း၊ မြေနဲရွာအနီး ကင်းစောင့်နေသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ငါးဦးကို စစ်ကောင်စီ တပ်များနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၇ရက်၊ နံနက် ၇နာရီခန့်က မုံရွာ ပင်မ သပိတ်စစ်ကြောင်းသည် စစ် အာဏာရှင်ဆန့်ကျင်ရေး စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့သည်။ အဆိုပါသပိတ်လူစုခွဲပြီးချိန်တွင် မုံရွာ- ချောင်းဦး လမ်းပိုင်းကို တာဝန်ယူ ကြီးကြပ်ဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ် ကင်းပွိုင့်တစ်ခုကို စစ်အုပ်စုနှင့် လက်အောက်ခံပျူစောထီးအဖွဲ့များကဝင်ရောက်ဖမ်းဆီးကာ ချက်ချင်းသတ်ဖြတ်ခဲ့ကြောင်း Unity Force Monywaအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။
" ဒလန် သတင်းပေးမှုအရ တောပုရွာကပျူစောထီးတွေက PDF ပွိုင့်နေရာအတိအကျကိုသိပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ PDF ငါးဦးအဖမ်းခံရပြီးတော့ ချက်ချင်းပဲ ပျူစောထီးတွေက ရက်ရက်စက်စက် ပစ်သတ်ခဲ့ပါတယ်"ဟု အဆိုပါတာဝန်ရှိသူကဆိုသည်။
ယနေ့နံနက် ၈နာရီခန့်က မန္တလေး-မုံရွာလမ်း မြေနဲရွာနှင့် ကူတောပလ္လင်ကျေးရွာအကြားတွင် စစ်အုပ်စုလက်ချက်ဖြင့် PDF ငါးဦးသေဆုံးကာ လက်နက်များရရှိကြောင်း စစ်အုပ်စုလော်ဘီများက ထုတ်ပြန် ထားသည်။
Lu Nge Khit
No comments:
Post a Comment