မတ္တရာ ကင်းရွာမှာ စကစနှင့်နွယ်တဲ့ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရပြီးနောက် စစ်အုပ်စုက ကျောင်းတာဝန်ခံ ဆရာတော်အား ဖမ်းဆီးသတ်ဖြတ်၊

မတ္တရာ ကင်းရွာ လွင်ဦးကျောင်းတိုက်/ ဓာတ်ပုံ - ပေးပို့ 

ဧပြီ - ၅

မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းကျေးရွာ လွင်ဦး(ဘက) ကျောင်းက စစ်ကောင်စီ သတင်းပေးအဖြစ် နာမည်ထွက်တဲ့ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံလိုက်ရပြီးနောက် စစ်အုပ်စုက ကျောင်းတိုက်အတွင်း စီးနင်းဝင်ရောက်ကာ ဘကကျောင်းတာဝန်ခံ ဆရာတော်တစ်ပါးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဧပြီ(၃)ရက် မနက်ပိုင်းက ကင်းကျေးရွာ လွင်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ထွက်တဲ့ ကျောင်းထိုင်ဆရာတော် ဦးသုစရိတကို အမည်မသိလူ (၁၀)ဦးခန့်က သတ်ဖြတ်ခဲ့တာပါ။

အဲ့ဒီဖြစ်စဉ်နောက်ပိုင်း စစ်အုပ်စုက ဧပြီ(၃)ရက်မှာပဲ ကင်းကျေးရွာ လွင်ဦး ဘုန်းတော်ကြီးသင်ကျောင်းထဲ စီးနင်းဝင်ရောက်ပြီး ကျောင်းတိုက်ရဲ့ တာဝန်ခံ ဆရာတော် ဦးပညာဝံသအား ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုက်တာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖော်ပြပါတယ်။

“ကင်းကျေးရွာတွင် ဧပြီ(၃)ရက်က အကြမ်းဖက် စစ်အုပ်စု၏ သတင်း‌ပေးဟု စွပ်စွဲခြင်းခံရသည့် ရဟန်းတစ်ပါး သတ်ဖြတ်ခြင်း ခံခဲ့ရပြီးနောက် ယင်းနေ့တွင်ပင် စစ်သားများ ကျေးရွာအတွင်းကို ရောက်ရှိလာခဲ့ပြီး ကင်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တာဝန်ခံဆရာတော် ဦးပညာဝံသအား ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်” လို့ AAPP က ဆိုပါတယ်။

လက်ရှိမှာ ကင်းကျေးရွာထဲ စစ်အုပ်စု ဝင်မွှေသောင်းကျန်းနေလို့ ဒေသခံတချို့ ထွက်ပြေးနေရတယ်လို့ သတင်းကြားကြောင်း မတ္တရာမြို့ခံတစ်ဦးက ဆိုပါတယ်။ ကင်းကျေးရွာအတွင်း ဖြစ်ပွားနေတဲ့ အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ မတ္တရာမြို့နယ် အရှေ့ခြမ်းက ရွာတွေဖြစ်တဲ့ ကင်းရွာ၊ သဖန်းကိုင်း၊ လမိုင်း၊ သပြေချောင်၊ မြစ်ကမ်းစတဲ့ ရွာတွေဘက်ကို ပတ်မွှေသောင်းကျန်းနေပြီး ဖမ်းဆီးနှိပ်စက် ငွေညှစ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Mandalay Free Press - MFP

မတ္တရာ ကင်းရွာမှာ စကစနှင့်နွယ်တဲ့ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရပြီးနောက် စစ်အုပ်စုက ကျောင်းတာဝန်ခံ ဆရာတော်အား ဖမ်းဆီးသတ်ဖြတ်၊ မတ္တရာ ကင်းရွာမှာ စကစနှင့်နွယ်တဲ့ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရပြီးနောက် စစ်အုပ်စုက ကျောင်းတာဝန်ခံ ဆရာတော်အား ဖမ်းဆီးသတ်ဖြတ်၊ Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.