မော်ကျွန်းမြို့ ရာဇူဒိုင်တံတားပေါ်တွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ဝင် ၂ ဦးတို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေဆုံး
ဓာတ်ပုံ - CJ |
မော်ကျွန်း၊ ဧပြီလ ၁၉ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ရာဇူဒိုင်တံတားပေါ်တွင် ဧပြီလ ၁၅ ရက်နေ့က စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ဝင် ၂ ဦးတို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
" ပျူစောထီး ၂ ယောက်က လှိုင်သာယာက။ ကျုံမငေးက စစ်တပ်နဲ့ပေါင်းပြီး မော်ကျွန်းက သစ်ကုန်သည်တွေဆီမှာ လိုင်းကြေးလာတောင်းတာ။ ရာဇူဒိုင်တံတားပေါ်မှာ အချင်းချင်းပစ်ခတ်ကြပြီး ပျူစောထီးတစ်ယောက်သေတယ်" ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျူစောထီးအဖွဲ့ဝင် ၂ ဦးမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှဖြစ်ပြီး ကျုံမငေးမြို့နယ်မှ စစ်ကောင်စီတပ်များနှင့်အတူ မော်လမြိုင်ကျွန်းမြို့၊ လင်းနေချောင်းကျေးရွာရှိ သစ်ပွဲရုံတစ်ခုထံ လိုင်းကြေးလာတောင်းရာတွင် သစ်လုပ်ငန်းရှင်များက မပေးသည့်အတွက် ကိုယ်စားလှယ်တစ်ယောက်အား ဖမ်းခေါ်သွားသည့်အတွက် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
" သူတို့လာတာက အရပ်ဝတ်တွေနဲ့လာတာ။ လိုင်းကြေးလာတောင်းတာကို သစ်သမားတွေက မရှိလို့မပေးနိုင်ဘူးလို့ ပြောတယ်။ အဲ့လိုပြောတော့ ကိုယ်စားလှယ်တစ်ယောက်ကို ဖမ်းခေါ်သွားပြီး မော်ကျွန်းမြို့အပြင်ဘက်မှာရှိတဲ့ ရာဇူဒိုင်တံတား(၁) ပေါ်မှာ သိန်း ၂၀၀ နဲ့လာရွေးဖို့ပြောတယ်။ အဲ့ဒီသတင်းကို မော်ကျွန်းမြို့ပေါ်က စစ်တပ်ကသိတော့ လိုက်သွားကြတာ။ အဲ့မှာပဲ ပစ်ခတ်မှုတွေ စဖြစ်ကြတာ " ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခု လိုင်းကြေးလာရောက် တောင်းခံခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကလည်း သိန်း ၁၅၀ လိုင်းကြေးတောင်းခံသွားကြောင်း သစ်ကုန်သည်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
အဆိုပါဖြစ်စဥ်အား စစ်ကောင်စီဘက်က မော်လမြိုင်ကျွန်းမြို့တွင် တပ်စွဲထားသည့်စစ်တပ်မှ ရာဇူတိုင်တံတားပေါ်တွင် ကင်းလှည့်နေစဥ် ဒေသခံတစ်ဦးက ရေလာပက်သည်ကို လက်ပစ်ဗုံး စစ်ကားပေါ်သို့ ပစ်တင်ခဲ့သည်ဟု ထင်သည့်အတွက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းလွှင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment