ဧပြီ - ၅
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျက်မော်အနောက်ရပ်ကွက်ကြီးအတွင်းရှိ လက်ပန်ရပ်ကွက်တွင် စစ်တပ်သတင်းပေးဆိုသူ ဦးဆန်းလွင်သည် ယနေ့ နံနက် (၈) နာရီ ကျော်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းက လက်ပန်ရပ်ကွက်၊ စိန်ရတနာလမ်း၊ ၉၁ လမ်း နှင့် ကမ်းနားလမ်းကြားရှိ လက်ဖက်ရည်ဆိုင် အနီးတွင် အပစ်ခံခဲ့ရခြင်းဖြစ်ပြီး ခေါင်းနှင့် ရင်ဘတ်တွင် သေနတ်ကျည်ဆန်ထိမှန်သည်ဟု ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
" ဟုတ်တယ်၊ သူက သတင်းပေးလို့ ပြောကြတာပဲ၊ သေသွားပြီ " ဟု ၎င်းကဆိုသည်။
သေနတ်ဖြင့် ခုနစ်ချက် ပစ်ခတ်ရာ နှစ်ချက်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။
နွေဦးတော်လှန်ရေးကာလအတွင်း၊ သံနောက်ရပ်ကွက်ကြီးအတွင်း၌ ဦးဆန်းလွင်အပါအဝင် သတင်းပေး နှစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ဦး နှင့် စစ်ကောင်စီ ဆက်စပ်သူ လောင်းကစားသမား တစ်ဦး၊ စုစုပေါင်း (၄) ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီလ (၄)ရက် ညပိုင်းကလည်း မဟာမြိုင် (၁)ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးအုန်းလွင်ကို နေအိမ်ထဲရှိနေစဉ် Justice Mandalay PDF မှ ရဲဘော် Mike က တစ်ကိုယ်တော် ဝင်ရောက်ကာ သတ်ဖြတ်ခဲ့ကြောင်း မန္တလေးလက်နက်ကိုင် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။
ဧပြီလ (၃)ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်အတွင်းမှ စကစလက်အောက်ခံ အုပ်ချုပ်ရေးမှူးတစ်ဦးကို အသတ်ခံခဲ့ရသေးသည်။
Mandalay Free Press - MFP
No comments:
Post a Comment