ဖမ်းဆီးခံရဲဘော်များအတွက် ရည်ရွယ်ဖောက်ခွဲမည့် (A) အဆင့်မိုင်းစစ်ဆင်ရေး အမှိုက်ကောက်သမားကြောင့် ဖျက်သိမ်းခဲ့ရ

ဓာတ်ပုံ - သန်လျင်မြို့နယ်အတွင်းရှိ ယခင်ကမြင်ကွင်းအား Google Maps မှ တွေ့ရစဉ်

ရန်ကုန်၊ ဧပြီ (၁၀)

ရန်ကုန်၊ သန်လျင်မြို့နယ် စက်ကန်အနီးတစ်ဝိုက်၌ ယနေ့ ဧပြီ (၁၀) ရက်၊ နံနက်ပိုင်းက စစ်ဆင်ရေးအတွက် စောင့်ဆိုင်းနေစဉ် အမှိုက်ကောက်သမားတစ်ဦးက ဗုံးကိုကောက်ယူကာ သတင်းပေးခဲ့သည့်အတွက် စစ်ဆင်ရေးဖျက်သိမ်းခဲ့ရသည်ဟု သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ စစ်သားနှင့်ရဲတို့စီးနင်းလာမည့်ကားကို အဓိကဖောက်ခွဲတိုက်မှုပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“လှမ်းအော်လိုက်တော့ ချပြီးထွက်ပြေးသွားတယ်။ ပြီးတော့ စစ်ခွေး၊ ရဲခွေးတွေထိုင်တဲ့ဆိုင်ဘက်သွားပြီး စကားပြောနေတော့ ကျွန်တော်တို့ဘက်က ပြန်ကောက်ဖို့မလွယ်တာနဲ့ ဖောက်ခွဲပစ်လိုက်ရတယ်။ ပြီးတော့ အမှိုက်ကောက်သမားယူတဲ့အချိန်နဲ့ စစ်ခွေးတွေလာမယ့်အချိန်နဲ့က အရမ်းကပ်နေလို့။”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်၌ ၎င်းတို့၏ မြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင် (၄) ဦးဖမ်းဆီးထိန်းသိမ်းခံရပြီး ထို (၄) ဦးအတွက်ရည်ရွယ်ကာ A.B.C.D ဟူ၍ အဆင့် (၄) ဆင့်သတ်မှတ်ကာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများကို ဖောက်ခွဲတိုက်ခိုက်သွားမည်ဖြစ်ပြီး ယခု A အဆင့်မှာ ပျက်စီးသွားခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“အလုံးကတော်တော်ကြီးကြီးလုပ်ထားတာ။ ခါတိုင်းခွဲတဲ့အလုံးတွေထက်ပိုကြီးတယ်။ ပြည်သူတွေအနေနဲ့ ကိုယ်နဲ့ မဆိုင်တာကို မကိုင်တာအကောင်းဆုံးပါ။ ဒီနေ့ ဖျက်ဆီးလိုက်ရတဲ့အလုံးဆို တန်ဖိုးအားဖြင့် တစ်သိန်းကျော်လောက်ဆုံးရှုံးသွားတယ်။”ဟု မြေအောက်ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ဆင်ရေးတစ်ခုအောင်မြင်ရန် အချိန်၊ ငွေကြေးနှင့် တပ်ဖွဲ့ဝင်များ၏ အသက်ကိုရင်းနှီးထားရသည့်အတွက်  နောင်လာမည့်ကာလများတွင် စစ်ဆင်ရေးကိုနှောက်ယှက်သည့် မည်သူ့ကိုမဆို သက်ညှာထောက်ထားသွားမည်မဟုတ်ကြောင်းလည်း သတိပေးထားသည်။

တော်လှန်ရေးကာလအတွင်း ထောင်ထားသည့်မိုင်းကို အမှိုက်ကောက်သမားများတွေ့ရှိခဲ့ရာမှ အခြားဖောက်ခွဲရေးပစ္စည်းများပါ ပြည်သူများနှင့်ဝေးရာတွင်ဖောက်ခွဲဖျက်ဆီးခဲ့ရခြင်း၊ အထုပ်ကိုကောက်ရာမှ ပေါက်ကွဲသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။


Lu Nge Khit

ဖမ်းဆီးခံရဲဘော်များအတွက် ရည်ရွယ်ဖောက်ခွဲမည့် (A) အဆင့်မိုင်းစစ်ဆင်ရေး အမှိုက်ကောက်သမားကြောင့် ဖျက်သိမ်းခဲ့ရ ဖမ်းဆီးခံရဲဘော်များအတွက် ရည်ရွယ်ဖောက်ခွဲမည့်  (A) အဆင့်မိုင်းစစ်ဆင်ရေး အမှိုက်ကောက်သမားကြောင့် ဖျက်သိမ်းခဲ့ရ Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.