ထားဝယ်၊ ဧပြီ (၂၇)
တနင်္သာရီတိုင်းအတွင်း လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများကြောင့် ထားဝယ်-ထီးခီးလမ်းနှင့် ဆက်စပ်လမ်းများကို ယနေ့ ညနေ (၆) နာရီမှ မေလ (၄) ရက်နေ့ ညနေ (၆)နာရီအထိ အသုံးမပြုရန် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူကာကွယ်ရေးအဖွဲ့ ထားဝယ်ခရိုင်က ယနေ့ ထုတ်ပြန်သည်။
အသုံးမပြုရမည့်လမ်းများမှာ ထားဝယ်-ထီးခီးလမ်းနှင့် ယင်းလမ်းကိုဝင်ရောက်နိုင်သည့် လမ်းခွဲများဖြစ်သည့် ရေနက်ဆိပ်ကမ်း-မေတ္တာလမ်း၊ မောင်မယ်ရှောင်-ရေဝိုင်းနှင့်ဆက်စပ်လမ်းများ၊ ဇဟာ-ဆီပင်ကွေ့-ရေလုံအင်းနှင့် ဆက်စပ်လမ်းဖြစ်သည်။
လိုက်နာရန်ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
အဆိုပါလမ်းပိုင်း၌ အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ တပ်ပိုင်ကားများကို အသုံးမပြုရဲဘဲ ကုန်ကားများတွင် တွယ်ကပ်စီးနင်းလိုက်ပါခြင်း၊ နိုင်ငံရပ်ခြားသို့တရားမဝင်လမ်းကြောင်းမှ ထွက်ခွာမည်သူများအဖြစ် ဟန်ဆောင်အသွင်ယူသွားလာခြင်း၊ သာမန်ခရီးသွားများနှင့် ရောနှောသွားလာခြင်းများကို စစ်တပ်က ပြုလုပ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့လုပ်ဆောင်နေခြင်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်သားများအနေဖြင့် နယ်မြေစိုးမိုးရေးနှင့် စစ်ဆင်ရေးများပြုလုပ်ရာတွင် အခက်ခဲကြုံတွေ့နေရသည်ဟု ဆိုသည်။
“စခ(စစ်ကောင်စီတပ်သား)တွေ အထိနာထားတော့ အင်အားဖြည့်တာတွေလုပ်နေတာတွေ့တယ်။ အခု လမ်းပိတ်မယ်ဆိုတော့လည်း မဖြစ်မနေလိုက်နာပေးရမှာပေါ့၊ စခတွေက ကလိမ်ကကျစ်ဆိုအကုန်လုပ်တဲ့ကောင်တွေ ၊ ဒီကောင်တွေမရှိမှ ပြီးမှာပါ။” ဟု ထားဝယ် ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
လမ်းပိတ်ခြင်းကြောင့် ထိခိုက်နစ်နာမည့် ဒေသခံတိုင်းရင်းသားများ၊ ခရီးသွားများကို အနူးအညွတ်တောင်းပန်းကြောင်းနှင့် အရေးတော်ပုံအောင်မြင်ရန်အတွက် လိုက်နာပူးပေါင်းပေးကြရန်လည်း ပြည်သူကာကွယ်ရေးအဖွဲ့ ထားဝယ်ခရိုင်က မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်ကလည်း ထားဝယ်-ထီးခီးလမ်းပိုင်းရှိ စစ်ကောင်စီလက်ပါးစေ ပကာရီရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဝင်ရောက်စီးနင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သေးသည်။
Lu Nge Khit
No comments:
Post a Comment