လက်နက်များ တင်လာသည့် ၂၂ ဘီးကား သုံးစီးနှင့် အတူ စစ်ကောင်စီတပ်သား ၇ ဦးကို ပေါက်မြို့နယ်တွင် ဖမ်းဆီးရမိ
ပေါက်၊ ဧပြီ ၉
အကြမ်းဖက်စစ်ကောင်စီမှ အဝေးပစ် RPG ကုန်ကြမ်းပစ္စည်းများတင်လာသည့် ၂၂ဘီးကား(၃)စီးနှင့်အတူ (၃ )ပွင့်ဗိုလ်တစ်ယောက်နှင့်စစ်ကောင်စီတပ်သား(၆)ဦး ကို ဧပြီလ (၆)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့( ဧပြီလ ၉ရက်) တွင် တရားဝင်သတင်းထုတ်ပြန်သည်။
အဆိုပါ ကားများကို မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက်-ဆိပ်ဖြူလမ်းမတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သရက် ကပစ(၁၂)မှ ပေါက် ကပစ (၂၄) သို့ သယ်ဆောင်လာစဉ် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကားများနှင့်အတူ ကြည်း ၇၂၈၉၅ ဗိုလ် ကြီး သိန်းသိန်းစိုးနှင့်အတူ စုစုပေါင်း (၇)ဦးကို ဖရဲသီး၏ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၄င်းတို့နှင့်အတူ MA-3 (7) လက်၊ ကျည် ၇၀၀ ခန့်နှင့်ဖုန်း(၁၀)လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် ကား(၃)စီးအနက် (၂)စီးကို ပေါက်မြို့နယ်နှင့်ဝေးကွာရာ လွတ်မြောက်နယ်မြေတွင် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ကျန်(၁)စီးကို အကြမ်းဖက်စစ်အုပ်စုမှ ဧပြီလ (၇)ရက်တွင် စစ်ကြောင်း ချီတက်လာရင်းတွေ့ရှိသွားခြင်းကြောင့် ကပစ(၂၂)ရွှေဘိုကျွန်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိထားသည့် စစ်ကောင်စီလက်ပါးစေ (၇)ဦးကို မဟာမိတ်ညီနောင်များစခန်း၌ ထိန်းသိမ်းထားစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရင်းသေဆုံးသွားပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Lu Nge Khit
No comments:
Post a Comment